
ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အစပ်ရှိ ချောင်းနှစ်ခွကျေးရွာ တွင် ပြန်လည်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာရှိအရပ်သားပြည်သူများ၏ ပစ္စည်း ဥစ္စာများကို ဝင်ရောက်ခိုးယူပြီး နေအိမ်များပါ မီးရှို့ဖျက်ဆီးပစ်ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံရွာသားအားလုံး စစ်ရှောင်နေကြသည့် ချောင်းနှစ်ခွကျေးရွာတွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှ ပြန်လည်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် စစ်ရှောင်နေကြသော အရပ်သားပြည်သူများ၏ ပစ္စည်းဥစ္စာများကို နေ့စဉ် ဝင်ရောက်ခိုးယူသယ်ထုတ်သည့်အပြင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးကာ အစဖျောက်နေကြောင်း ဒေသခံရွာသားများက ပြောသည်။
ဒေသခံရွာသားတစ်ဦးက “သူတို့(စစ်ကောင်စီ)က ပစ္စည်းကောင်းကောင်းတွေယူပြီး သယ်ထုတ်ပြီးအိမ်ကို အစဖျောက်လိုက်တယ်။ မီးရှို့လိုက်တယ်။ နေ့တိုင်းလိုလိုပဲ အိမ်တွေမီးလောင်နေတယ်။ တစ်နေ့ကလည်း လောင်နေသေးတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ချောင်းနှစ်ခွကျေးရွာနှင့်အနီးအနားကျေးရွာများရှိ လယ်လုပ်သူများသည် လက်ရှိတွင် စပါးရိတ်သိမ်းရန် အချိန်ကျရောက်သော်လည်း နေအိမ်ပြန်ပြီး စပါးရိတ်သိမ်း၍ မရဲကြကြောင်း ချောင်းနှစ်ခွကျေးရွာသားများက ပြောသည်။
“အခုက စပါးတွေပြန်ရိတ်ဖို့လိုနေပြီး ချောင်းနှစ်ခွနဲ့ နည်းနည်းဝေးတဲ့တစ်ချို့ရွာတွေတော့ ပြန်ရိတ်တာရှိတယ်။ ချောင်းနှစ်ခွရွာနဲ့နီးတဲ့စပါးတွေတော့ ဒီးအတိုင်းပဲ ရိတ်သိမ်းဖို့လိုလည်း ပြန်ရိတ်လို့အရဲကြဘူ” ဟု အခြား ချောင်းနှစ်ခွဒေသခံတစ်ဦးက ပြောသည်။
ချောင်းနှစ်ခွကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများတွင် မိုးတွင်းကာလ၌ ရေများပြည့်လျှံပြီး လယ်ကွင်းများ ရေနစ်မြှုပ်သဖြင့် မိုးနည်းလာမှသာလျှင် လယ်စပါးများကို စတင်စိုက်ပျိုးလုပ်ကိုင်ကြပြီး လက်ရှိ စပါးရိတ်သိမ်းရန်လိုအပ်နေသော်လည်း တိုက်ပွဲအခြေအနေများကြောင့် ရိတ်သိမ်းရန် အခက်အခဲရှိနေကြောင်း ဒေသခံရွာသားများက ပြောသည်။
ချောင်းနှစ်ခွကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူများ၏ တန်ဖိုးကြီး ပစ္စည်းဥစ္စာများကို ခိုးယူသယ်ထုတ်မှု၊ နေအိမ်များ မကြာခဏမီးရှို့ဖျက်ဆီးမှု လုပ်ဆောင်သည့်အပြင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးလက်နက်ငယ်များ နေ့စဉ် ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်လျက်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။


















