Home သတင်း သင်တန်းသားများခေါ်ယူကြောင်း ကျားဖြူစစ်ကြောင်း Justice Soldier PDF အဖွဲ့ ကြေငြာ

သင်တန်းသားများခေါ်ယူကြောင်း ကျားဖြူစစ်ကြောင်း Justice Soldier PDF အဖွဲ့ ကြေငြာ

1359

ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် စစ်ရေးလှုပ်ရှားမှုရှိသည့် ကျားဖြူစစ်ကြောင်း Justice Soldier PDF အဖွဲ့မှ သင်တန်းသားများ စိစစ်ခေါ်ယူလျက်ရှိကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာ ပေါ်တွင် ဇွန်နဝါရီလ ၂၃ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။

အဆိုပါ သင်တန်းကို တော်လှန်ရေးစိတ်ပါဝင်စားသည့် အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်း မည်သည့် လူငယ်မဆို ပါဝင်လျှောက်၍ရသလို တော်လှန်ရေးပြီးဆုံးသည်အထိ ပါဝင်ရမည်ဖြစ်ကြောင်းလည်း ကြေငြာချက်တွင် ဖော်ပြထားသည်။

ကျားဖြူစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက “ အခြေခံစစ်သင်တန်းတက်ပြီးရင် တာဝန်ပေး အပ်ခြင်းခံရတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်ရပါတယ်။ သင်တန်းကတော့ အမျိုးသားသီး သန့်ပါပဲခင်ဗျ။ လူငယ်‌တွေ စိတ်ပါဝင်စားမှုများပါ‌တယ်။ ဒါပေမယ့် စိစစ်ပြီးခေါ်ယူပါတယ်” ဟု ကေအိုင်စီသို့ပြောသည်။

တော်လှန်ရေး လာရောက်လုပ်သူများအထဲတွင် မိသားစုနောက်ဆံတင်းမှုများမဖြစ်စေရေးအတွက် အိမ်ထောင်မရှိသူဖြစ်ရမည်ဟု သတ်မှတ်ချက်ရှိသော်လည်း စိတ်ဓာတ်ပြင်းပြသည့် အိမ်ထောင်ရှိသူအချို့ လာလျှောက်ထားမှုရှိသည့်အတွက် လက်ခံထားခြင်းရှိကြောင်းလည်း ကျားဖြူစစ်ကြောင်းက ပြောသည်။

ကျားဖြူစစ်ကြောင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလ (၁)ရက်နေ့မှစတင်၍ ကော့ကရိတ်မြို့၏ မြို့သိမ်း တိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်နှင့်အတူ ပါဝင် တိုက်ခိုက်သည့် စစ်ကြောင်းတစ်ခုဖြစ်သလို လက်ရှိအချိန်ထိ မြို့ထဲက ဆုတ်ခွာခြင်းမရှိသေးဘဲ စစ်ကောင်စီတပ်ဖွဲ့ကို ဖိအားပေး တိုက်ခိုက်ထားဆဲဖြစ်ကြောင်းလည်း ကြားဖြူစစ်ကြောင်းတာဝန်ရှိသူက ပြောသည်။

ထို့အပြင် မြို့သိမ်းတိုက်ပွဲရက်ပေါင်းကြာလာသည့်အတွက် မြို့သိမ်းနိုင်သည့်အနေအထားရောက်ရှိရန် လက်နက် ခဲယမ်းအင်အားများ လိုအပ်ချက်ရှိလာသောကြောင့် ပြည်သူလူထုများ ပါဝင်ပံ့ပိုးနိုင်ရန် အတွက် Justice မြို့သိမ်း၂၀၂၄ Project အစီအစဉ်တစ်ခု ယခုလတွင် Justice Soldier PDF အဖွဲ့က ဖွင့်လှစ်ပေးထားခြင်းရှိကြောင်းလည်း သိရသည်။

ကျားဖြူစစ်ကြောင်းသည် တပ်ခွဲ(၆)ခုရှိကာ ယခင်က စစ်ကြောင်းမှူးမှာ ဗိုလ်ကျော်သက်က ဦးဆောင်တာဝန်ယူထားပြီး လက်ရှိအချိန်တွင် ကိုဇွဲ(ခ)မန်းဇွဲက စစ်ကြောင်းမှူးအဖြစ် ပြောင်းလဲ တာဝန်ယူထားသည်ဟု သိရသည်။