ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီနှင့် မဲဆောက်မြို့ကို ဆက်သွယ်ထားသော အမှတ်(၂) ချစ်ကြည်ရေး တံတားတည်ဆောက်ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်ပြီး လုပ်အားခမရရှိကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၃ ဦးသည် အလုပ်သမားအရေး ဆောင်ရွက်သူများ၏ ကူညီမှုဖြင့် ဒီဇင်ဘာလ ၂၇ရက် ယမန်နေ့တွင် စုစုပေါင်းလုပ်အားခအဖြစ် ဘတ်ငွေ (၁၂၉,၅၇၀) ပြန်လည်ရရှိကြောင်း သိရသည်။
အဆိုပါ အမှတ် (၂) ချစ်ကြည်ရေးတံတားအောက်ရှိ လုပ်ကိုင်နေသည့် ပန်းရံအလုပ်သမား ၂၃ ဦးကို ဆောက်လုပ်ရေးတာဝန်ရှိသူဘက်မှ လုပ်အားခများ မပေးသည့်အတွက် အလုပ်ရှင်၊ အလုပ်သမားပြ ဿနာများကို ထိုင်းအလုပ်သမားရုံးမှတစ်ဆင့် ရင်ဆိုင်ကာ မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေး သည့်အဖွဲ့ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးသည့်အတွက် တရားရုံးအမိန့်ချမှတ်ချက်ဖြင့် ပြန်လည်ရ ရှိခြင်းဖြစ်ကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။
၎င်းက “ အမှတ်(၂)တံတားတည်ဆောက်ရေးလုပ်းငန်းမှာ လွန်ခဲ့တဲ့ ၂ လက ဆောက်လုပ်ရေးကုမ္ပဏီက လုပ်အားခမပေးဘဲထားတော့ အလုပ်ရှင်အလုပ်သမားရုံးမှာ သူတို့ရဲ့ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့ JACBAအဖွဲ့က ခေါ်ပြီးတော့ ပြောတယ်။ အဲဒီ ၂၃ ယောက်လုံး စုံညီ နှစ်ခါခေါ်တယ်။ အခု သုံးခါမြောက်မှာ ၂ လပြည့်တော့ အလုပ်ရှင်အလုပ်သမားပြဿနာကို ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့နည်းနဲ့ မရတဲ့အခါကျတော့ အလုပ်သမားရုံး တရားရုံးကို တင်လိုက်တယ်။ တရားရုံးက အမိန့်ချလိုက်တော့ ပေးစေဆိုပြီးသူတို့ ပေးလိုက်တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ထိုင်းအလုပ်သမားတရားရုံးသို့ တင်သည့်အချိန်တွင် ထိုင်းအလုပ်သမားရှေ့နေဘက်မှ အလုပ်သမားများအတွက် ခုခံကာကွယ်ပေးသည့်အတွက်ကြောင့် ယခုလို လုပ်အားခအပြည့်ပြန်လည်ရရှိ ခြင်းဖြစ်ကြောင်းလည်း JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ဖြည့်စွက်ပြောသည်။
ထိုလုပ်အားခ မရသည့်ပန်းရံအလုပ်သမား ၂၃ ဦးထဲတွင် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၁၈ ဦးပါဝင်သည်ဟု သိရသည်။
“ဆရာတို့ကြိုးစားမှုနဲ့ပြန်ရလို့ ဝမ်းသာတယ်။ အားလုံးရဲ့ဝိုင်းဝန်းကူညီမှုနဲ့ပြန်ရတာဖြစ်တယ်။ ကျမတို့က တံတား(၂)မှာ ပန်းရံ အလုပ်လုပ်ပါတယ်။ ရမယ်လို့ ကျမတို့က ထင်တောင်မထင်ထားတော့ဘူး ဒါပေမယ့် အခုလိုပြန်ရတော့ အတိုင်းမသိဝမ်းသာပါတယ်။ ပိုက်ဆံလည်း လက်မှတ်ထိုးပြီးရပါပြီး”ဟု လုပ်အားခပြန်ရသည့် ပန်းရံအလုပ်သမား မသက်နုထွေးက ကေအိုင်စီသို့ ပြောသည်။
မဲဆောက်-မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ပြီး လုပ်အားခမရသော်လည်း မည်သည့်အလုပ်သမားရုံးကို တင်ပြခြင်းမရှိဘဲ လူစုကွဲကာ နစ်နာကြေး မရရှိသည့် မြန်မာနှင့်ထိုင်းအလုပ်သမား ၁၀၀ ကျော် ကျန်ရှိနေသေးကြောင်းလည်း JACBA ဥက္ကဋ္ဌ ၏ ပြောဆိုချက်အရ သိရသည်။