Home သတင်း ဖားအံမြို့အဝင် စစ်ဆေးရေးဂိတ်များတွင် အိတ်၊ ပစ္စည်းများကိုပါ ဖွင့်ကြည့်စစ်ဆေးလာ

ဖားအံမြို့အဝင် စစ်ဆေးရေးဂိတ်များတွင် အိတ်၊ ပစ္စည်းများကိုပါ ဖွင့်ကြည့်စစ်ဆေးလာ

771

နိုဝင်ဘာလ ၂၈ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့အဝင်လမ်းများပေါ်တွင် ဖြတ်သန်းသွားလာသူများကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်များ ပူးပေါင်းလုံခြုံရေးရယူနေသည့် ဂိတ်များတွင် စစ်ဆေးမေးမြန်းမှုများ ပိုမိုလုပ်ဆောင်လာပြီး အိတ်၊ ပစ္စည်းများကိုပါ ဖွင့်ကြည့်စစ်ဆေးသည့်အထိလုပ်ဆောင် လာသည်ဟု ဖြတ်သန်းသွားလာသူများက ပြောသည်။

ဖားအံမြို့အတွင်းသို့ ဝင်ရောက်နိုင်သည့်အဓိက လမ်းမကြီးပေါ်တွင်ရှိသော စစ်ကောင်စီနှင့် BGF တပ်တို့ပူး ပေါင်းဂိတ်များတွင် ယခုလ နိုဝင်ဘာ ၂၀ ရက်နေ့မှစ၍ မော်တော်ယာဥ်များသာမက ဆိုင်ကယ်များကိုပါ စစ်ဆေးနေသည့်အပြင် လွယ်အိတ်နှင့်ပါလာသော ပစ္စည်းများကိုလည်း ရှာဖွေစစ်ဆေးမေးမြန်းသည့်အထိ တင်းကြပ်လုပ်ဆောင်လာသည်ဟု စစ်ဆေးခံရသည့် ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“အခုတစ်ရက်နှစ်ရက်အတွင်း အစစ်အဆေးတအားလုပ်လာတယ်။ အိတ်တွေရော အကုန်ဖွင့်စစ်တာ။ ဒါဘာလဲ၊ ဘာလုပ်ဖို့လဲ ပစ္စည်းတစ်ခုချင်းစီ လိုက်မေးနေတာ” ဟု အဆိုပါ ဒေသခံက ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် ဖားအံမြို့အဝင်ဂိတ်များတွင် ဘန်ကာကတုတ်ကျင်းများအထိပါ တည်ဆောက်ထားပြီး ကျောက် တုံးများ၊ သဲအိတ်များဖြင့် လုံခြုံရေးဂိတ်များကို ကာထားကာ စစ်သား၊ ရဲ နှင့် BGF တပ်ဖွဲ့ဝင်များ အနည်းဆုံး ၅ ဦးခန့် စောင့်ကြပ်စစ်ဆေးနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူ ဖားအံမြို့ခံများက ပြောသည်။

ဖားအံမြို့ခံတစ်ဦးက “အခု ဂိတ်တိုင်းဂိတ်တိုင်းမှာ အနည်းဆုံးမရှိဘူးဆို ၅ ယောက်ရှိတယ်။ BGF တွေစစ် တယ်။ ရဲလည်းစစ်တယ်။ စစ်တာမှ တော်တော်စစ်တယ်။ နင်ကဘယ်သွားမလို့လဲ နည်းနည်းအချိုးမပြေရင် ပိုက်ဆံတောင်းတယ်။ ဆိုင်ကယ်သော့ယူထားတာတို့လုပ်တယ်။ ပါးစပ်တွေ ကြမ်းကြမ်းတမ်းတမ်းပြော တယ်” ဟု ကေအိုင်စီသို့ပြောသည်။

ယခုလို မြို့အဝင် စစ်ဆေးရေးဂိတ်များတွင် တင်းကြပ်စွာ စစ်ဆေးလုပ်ဆောင်နေခြင်းမှာ ဖားအံမြို့ပေါ်ရှိ စစ် ကောင်စီတပ်ရင်းများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ် ခဲ့သည့် နောက်ဆက်တွဲဖြစ်စဉ်ဖြစ်ကြောင်းလည်း ဖားအံမြို့ခံများက သုံးသပ်ပြောဆိုကြသည်။

ဖားအံမြို့အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုတင်းကြပ်လာသောကြောင့် ကုန်ပစ္စည်းတင်ယာဉ်များ နှင့်ခရီးသည်တင်ကားကြီးများလည်း စစ်ဆေးရေးဂိတ်များတွင် အချိန်များစွာ ကြန့်ကြာနေပြီး အဆင်မပြေမှု များစွာရှိနေကြောင်းလည်း ခရီးသွားပြည်သူများက ပြောဆိုသည်။