Home သတင်း လောင်းလုံးတွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ၍ ၆ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိ

လောင်းလုံးတွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ၍ ၆ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိ

775
Photo: LLPDF

နိုဝင်ဘာလ ၂၈ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်တွင် ဆက်ကြေးကောက်ခံရာမှ ပြန်လာသည့် စစ်ကောင်စီစစ်ကား တစ်စီးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- LLPDF က ပဒေသာမိုင်းများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီ ၆ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း နိုဝင်ဘာလ(၂၇)ရက် ယမန်နေ့တွင် LLPDF က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်၊ နံနက်ပိုင်းတွင် လောင်းလုံးမြို့ပေါ်ရှိ ပြည်သူများထံမှ မတရားဆက်ကြေး ကောက်ခံပြီးပြန်လာသည့် စစ်ကောင်စီတပ်၏ (VEGO)ကားတစ်စီးကို LLPDF ၏ ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးနေရာတွင် သေဆုံးကာ (၄)ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။

၎င်းက “အလစ်ငိုက် ဝင်တိုက်ခဲ့တာပါ။ ကျနော်တို့ဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်။ သူတို့ဘက်ကနေ စစ်ကူတွေရောက်လာတော့ လက်နက်အင်အားချင်း မမျှတာနဲ့ပြန်ပြီး ဆုတ်ခွာလာခဲ့ ရတယ်။ လောင်းလုံး ရဲစခန်းကနေလည်း လက်နက်ကြီးတွေ လှမ်းလှမ်းပစ်တယ်။”ဟု ကေအိုင်စီ သို့ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ရက်နေ့တွင်လည်း အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့သည် မြို့နယ်ရှိ သပြေရှောင် ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ကာ ၎င်းရွာ၏ မြစ်ကမ်းနဘေးရှိ ဆိုင် ကယ် အစီးနှစ်ဆယ်ကို မီးရှို့ ဖျတ်ဆီးကာ “နောက်တစ်ချိန် ဆန္ဒပြရင် ဒီထက်ပိုဆိုးမယ်”ဟူ၏ ခြိမ်းခြောက်စာများ ကို အိမ်နံရံများတွင် ရေးသားခဲ့ကြောင်း လောင်းလုံးမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ကျေးရွာရှိ နေအိမ်များအတွင်းသို့ မွှေနှောက်ရှာဖွေခြင်းများပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လောင်းလုံးမြို့နယ်ရှိ ကုန်းလမ်းနှင့် ရေလမ်းများကိုပါ ပိုမိုအသုံးပြုလာကာ ကျေးရွာအတွင်း မကြာခဏ စစ်ကြောင်းထိုးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။