Home သတင်း ချောင်းနှစ်ခွတိုက်ပွဲတွင် စစ်ကောင်စီတပ် ခမရ (၅၅၇) တပ်ရင်းမှူးနှင့် BGF ဒုတပ်ရင်းမှူးသေဆုံး

ချောင်းနှစ်ခွတိုက်ပွဲတွင် စစ်ကောင်စီတပ် ခမရ (၅၅၇) တပ်ရင်းမှူးနှင့် BGF ဒုတပ်ရင်းမှူးသေဆုံး

615
Photo: CJ

နိုဝင်ဘာလ ၂၈ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အစပ် ချောင်းနှစ်ခွ ကျေးရွာနှင့်အနီးဝန်းကျင်ကျေးရွာများတွင် ယမန်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း-ခမရ(၅၅၇) တပ်ရင်းမှူးနှင့် နယ်‌ခြားစောင့်တပ်(BGF) ၁၀၂၂ တပ်ရင်း၊ ဒုတပ်ရင်းမှူးတို့သေဆုံးခဲ့ကြောင်း နယ်မြေခံ စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

အဆိုပါ သေဆုံးသွားသည့် စစ်ကောင်စီလက်‌အောက်ခံတပ်၏ အရာရှိများမှာ ခြေမြန်တပ်ရင်း -ခမရ (၅၅၇)မှ ဒုတိယဗိုလ်မှူးကြီး မျိုးကိုကိုဝင်းနှင့် နယ်ခြားစောင့်တပ်(BGF) ၁၀၂၂မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောနော်တယာတို့ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကေအိုင်စီသို့ ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “မနေ့တုန်းက BGF ဒုတပ်ရင်းမှူး စောနော်တယာ ကျသွားတာတော့ အတည်ပြုလို့ရတယ်။ ချောင်းနှစ်ခွမှာ ၂၆ ရက်က ခမရ- ၅၅၇ က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကို ဝင်းလည်း ဒရုန်းနဲ့ ဗုံးကြဲတာ ပခုံးနဲ့လက်‌‌မောင်းထိထားတယ်။၂၇ ရက်‌နေ့မှ စနိုက်ပါနဲ့ ပေါင်ကို ထပ်ပြီးပစ်ခံရတော့သွေးထွက်လွန်ပြီးသေသွားတယ်”ဟု ပြောသည်။

အလားတူ တပ်အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF) တို့သည် တောင်ကလေး‌‌ကျေးရွာအရှေ့စုရှိ လှကဇိုင်းကျေးရွာတွင် စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများ ဖြစ်ပွားပြီး ချောင်းနှစ်ခွတွင်လည်း တိုက်ပွဲများဆက်ဖြစ်နေကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့နှင့်နီး စပ်သူတစ်ဦးက‌‌ ပြောသည်။

Photo: CJ

“ခန့်မှန်းအင်အား ၃၀၀ ဦးခန့်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ BGFတပ်‌တွေ လှကဇိုင်း ဘက်မှာစစ်ကြောင်းထိုး လာတယ်။ မနေ့က လှကဇိုင်းမှာတိုက်ပွဲ‌တွေပြင်းထန်‌နေတယ်။ BGF ဒုတပ်ရင်းမှူးက အဲ့ဒီမှာကျတယ်။ စကစရဲ့ ခမရ ၅၅၇ တပ်ရင်းမှူးက ချောင်းနှစ်ခွမှာကျတယ်”ဟု ထိုတော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

ယမန်နေ့ လှကဇိုင်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုအတိအကျမသိရှိရသော် လည်း သေနတ် ၁၅ လက် သိမ်းဆည်းရမိကြောင်း နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူဘက်က ပြောသည်။

လက်ရှိတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်၍ တောင်ကလေးအရှေ့စု၊ ကျောက်ကွဲ၊ လှဘူးကုန်း၊ မယ်သရို၊ လှကဇိုင်း၊ နောင်ရုပ်အင်း၊ ဖက်တေးကုန်း၊ ဇီးကုန်း၊ ချောင်းနှစ်ခွ စသည့် ကျေးရွာသူ/ကျေးရွာ သားများအားလုံး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။