Home သတင်း သက်တမ်းတိုးမည့် ပတ်စ်ပို့စာအုပ်များကို အခွန်ပေးပြီးထောက်ခံချက်ပါမှ သက်တမ်းတိုးပေးမည်

သက်တမ်းတိုးမည့် ပတ်စ်ပို့စာအုပ်များကို အခွန်ပေးပြီးထောက်ခံချက်ပါမှ သက်တမ်းတိုးပေးမည်

1786

အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ပြည်ပနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပတ်စ်ပို့စာအုပ် သက်တမ်းပြန်လည်တိုးသည့်အချိန်တွင် အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပါရှိမှသာ သက်တမ်းတိုးပေးမည် ဟု စစ်ကောင်စီ၏ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က အခုလ ဒုတိယအပတ်တွင် အသိပေးကြေငြာ ချက်ထုတ်ပြန်ထားသည်။

ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်နေသည့် Passport for job (PJ)အလုပ်လုပ်သည့်စာအုပ်နှင့် Passport for Seaman (PS)သင်္ဘောသား စာအုပ်ကိုင်ဆောင်ထားသည့်သူများသည် သတ်မှတ်ထားသည့် အခွန်ပေးဆောင်ရ မည်ဖြစ်ကာ အခွန်ကင်းရှင်းကြောင်းမပြနိုင်ခဲ့လျှင် သက်တမ်းတိုးခွင့်မပေးကြောင်း ထုတ်ပြန်ထားချက်အရ သိရ သည်။

ယခုလို စစ်ကောင်စီမှ ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားအပေါ် အခွန်ငွေ ကောက်ယူပြီး ချုပ်ကိုင်ထားခြင်းသည် လူကိုသုံ့ပန်းလုပ်လို့မရသည့်အတွက် အထောက်အထားစာအုပ်ကို သုံ့ပန်းလုပ်ပြီး ဆက်ကြေးကောက်ခြင်းမျိုးဖြစ်သည်ဟု မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဝေဖန်ထောက်ပြလိုက်သည်။

ဦးမိုးကြိုးက “စကစရဲ့သဘောထားအမြင်ကတော့ တင်းမာပြတ်သားပါတယ်။ ပြည်ပရောက်ရေခြားမြေခြား အလုပ်သမားဆီက အခွန်ကောက်ယူတယ်။ ကောက်လို့မရရင် သူတို့ကိုင်ဆောင်တဲ့ စာအုပ်သက်တမ်း တိုးတဲ့ အခါမှာ ပညာပြလိုက်မယ်။ အခွန်ဆောင်ပြီးပြီလာ အဲဒီအညှာကို ကိုင်မယ်။ အတင်းကော၊ အကာကော၊ အကြပ် ကောလုပ်မှာ။ လူတွေကို သူတို့ချုပ်ကိုင်လို့မရတော့ စာရွက်စာတမ်းတွေကို သုံ့ပန်းလုပ်ထားတာ။”ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားများ၏ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာ ပြည်သို့ မဖြစ်မနေ တရားဝင်လွှဲပေးရမည်ဖြစ်ပြီး လစာ၏ ၁၀ ရာခိုင်နှုန်းကို အခွန်ကောက်ခံမည်ဟု စစ်ကောင်စီ ဘက်မှ ပြီးခဲ့သည့် စက်တင်ဘာလက ကြေငြာချက်ထုတ်ပြန်ထားခြင်းရှိခဲ့သည်။

နိုင်ငံကူးလက်မှတ် အသစ်လုပ်သူများ၊ သက်တမ်းတိုးသူများအနေဖြင့် အခွန်ကင်းရှင်းကြောင်း ထောက်ခံ စာပါရှိမှ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ထုတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ နိုင်ငံကူး လက်မှတ် ထုတ်ပေးသည့်ရုံးများတွင် ကြေငြာချက်များ အသီးသီးထုတ်ထားခြင်းရှိသည်။

ထိုင်းနိုင်ငံအတွင်း PJ ပတ်စပို့ကိုင်ဆောင်ပြီး အလုပ်လုပ်ကိုင်သူတစ်ဦးက “ ကျနော့်စာအုပ်က ၄ လပိုင်း ကျရင် သက်တမ်းကုန်ပြီး စကစက ဒီလိုမျိုးမကန့်သတ်ရင်တောင် စာအုပ်သက်တမ်းတိုးတုံးထုတာတောင် အဆင် မပြေဘူး။ စကစက အခွန်ပေးမှ သက်တမ်းတိုးမယ်ဆိုတော့ ကျနော်တို့ အဆင်မပြေဘူး။ လစာ တစ်သောင်းရရင် အိမ်စားရိတ်၊ စားစရိတ်ဖယ်ရင် ငါးထောင်လောက်ပဲကျန်မယ်။ အဲဒီငါးထောင်က အခွန် ၁၀ ရာခိုင်နှုန်း ထပ်ပေးရ မယ်ဆိုရင် ကျနော်တို့မှာ ဘယ်လိုမှအဆင်မပြေဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးတွင်လည်း ယခင်က နယ်ကျော်အိမ်ထောင်စုစာရင်းများကို နိုင်ငံကူး လက်မှတ်လုပ်ပေးခဲ့သော်လည်း ယခု အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်၍ ကရင်ပြည်နယ် အိမ်ထောင်စုစာရင်းမှအပ အခြားနယ်ကျော် အိမ်ထောင်စုစာရင်းများ ကို နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်မပြုတော့ကြောင်းလည်း ကြေငြာထားခြင်းရှိသည်။