Home သတင်း ဖားအံသံလွင်တံတားဂိတ်တွင် ခရီးသွားနှင့်မြို့ခံများကို ဖမ်းဆီးရိုက်နှက်ပြီး ငွေသိန်းဆယ်ချီ ပြန်ရွေးခိုင်းနေ

ဖားအံသံလွင်တံတားဂိတ်တွင် ခရီးသွားနှင့်မြို့ခံများကို ဖမ်းဆီးရိုက်နှက်ပြီး ငွေသိန်းဆယ်ချီ ပြန်ရွေးခိုင်းနေ

838
Photo: CJ

အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံလွင်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဒေသခံနှင့် ခရီးသွားလာသူများ၏ လက်ကိုင်ဖုန်းများကို စစ်ဆေးပြီး မသင်္ကာစရာ အထောက်အထားများတွေ့ရှိပါက ဖမ်းဆီးရိုက်နှက်ကာ ငွေသိန်းချီတောင်းပြီး လူပြန်ရွေးယူခိုင်းနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။

သံလွင်တံတားစစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းက ကားမိုင်းထောင် ပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း ခရီးသွားနှင့် မြို့ခံသားများအပေါ် အင်တာနက် အသုံးပြုထားသည့် အချက်အလက်များကို စစ်ဆေးပြီး ငွေညှစ်မှုများ ပိုလုပ်ဆောင်လာနေကြောင်း ဖားအံဒေသခံကတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“အဲ့ဒီမှာ စရဖရယ်၊ ဆက်သွယ်ရေးတပ်က စစ်သား၊ ရဲသတင်းတပ်ဖွဲ့က SB ရဲရယ်က ခရီးသည်ကားက လူတွေ၊ ဖားအံသားတွေတံတားဖြတ်ရင် ဖုန်းတွေစစ်တယ်၊ ကွန်ပျူတာနဲ့ထိုးပြီးစစ်တယ်။ ဖုန်းထဲမှာ စစ် တပ်ကို ဆန့်ကျင်နေတဲ့ကိစ္စတွေ တွေ့ရင်ထိုးကြိတ်ရိုက်နှက်ပြီး ဖမ်းထားတယ်။ အိမ်တွေကို ဆက်သွယ် ခိုင်းပြီး ငွေသိန်းဆယ်ချီတောင်းပြီး လာရွေးခိုင်းတယ်။ မိသားစုဝင်တွေကို ဖမ်းထားတဲ့ သားသမီးကို သတ်ပစ်ရမလား၊ ငွေနဲ့ လာရွေးမလားဆိုပြီး ခြိမ်းခြောက်တယ်။ အဲ့တော့ ဈေးညှိပြီး လာရွေးကြရ တယ်။”ဟု ပြောသည်။

ယခုလပိုင်းအတွင်း ဖားအံမြို့ အမှတ် (၂) ရပ်ကွက်နေထိုင်သည့် လူငယ်တစ်ဦးသံလွင်မြစ်အရှေ့ဘက် မြိုင်ကလေးသို့သွားစဉ် တံတားစစ်ဆေးရေးဂိတ်တွင် ဖုန်းစစ်ဆေးရာမှ စစ်တပ်ဆန့်ကျင်သည့် သတင်း အချက်အလက်များမျှဝေထားသည့်အတွက် ဖမ်းဆီးရိုက်နှက်ကာ မိသားစုဝင်နှင့် ရပ်ကွက် အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူးများ စစ်တပ်ဂိတ်တွင် ညှိနှိုင်းကာ ငွေပေးရွေးယူခဲ့ရသေးကြောင်း ဖားအံမြို့ရှိ သတင်း အရင်းအမြစ်တစ်ခုက ပြောသည်။

အဆိုပါ ခရီးသွားနှင့် မြို့ခံများထံမှ ခြိမ်းခြောက်ငွေညှစ်မှုမှရရှိသည့် ငွေများကို တံတားတွင် တာဝန်ချ ထားပေးသည့် စစ်ကောင်စီအထက်အရာရှိများထံ ငွေကြေးခွဲဝေပေးရကြောင်း စစ်ဆေးရေးဂိတ်တွင် တာဝန်ကျဖူးသည့် သတင်းအရင်းအမြစ်က(၏) ပြောစကားအရ သိရသည်။

ထို့အပြင် မြဝတီချစ်ကြည်ရေး တံတားအမှတ် (၁)မှ မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်သည့် ရွှေ့ပြောင်း မြန်မာလုပ်သားများကို စစ်ကောင်စီတပ်က စစ်ဆေးငွေညှစ်မှုများရှိနေကြောင်းနှင့် ယခုနှစ် ပိုင်းအတွင်း ဘန်ကောက်ဆန္ဒပြပွဲများတွင် ပါဝင်ဖူးသူများ မြန်မာပြည်ပြန်လာရာတွင် စစ်ဆေးတွေ့ရှိ ပါက ဖမ်းဆီးထောင်ချခံရမှုများရှိကြောင်းလည်း မြဝတီမြို့ အလုပ်သမားအရေး လုပ်ဆောင်သူများထံမှ သိရသည်။

အလားတူ ကော့ကရိတ်၊ လှိုင်ဝနှင့် ၉တိုင် စစ်ဆေးရေးဂိတ်၊ ဂျိုင်း-ဇာသပြင် တံတားဂိတ်၊ အိန္ဒုတိုးဂိတ်၊ တောင်ကလေး တိုးဂိတ်၊ ထီလုံလမ်းဆုံဂိတ်၊ အာရှလမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင်လည်း စစ်ကောင်စီနှင့် BGF တပ်တို့မှာ စစ်ဆေးငွေတောင်းမှုများမှ နေ့စဉ် ဝင်ငွေသိန်းချီရရှိနေကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုနေကြသည်။