အောက်တိုဘာလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တွင်း အဝေးပြေးယာဉ် ရပ်နားစခန်းဟောင်းအနီး သံတံတား နယ်ခြားစောင့် တပ်-BGF စစ်ဆေးရေးဂိတ်တွင် ယနေ့ အောက်တိုဘာ ၁၀ ရက် နံနက် ၂ နာရီကျော်အချိန်ခန့်က တာဝန်ကျနေသည့် တပ်ဖွဲ့ဝင်များ အချင်းချင်းကြား ပစ်ခတ်မှုဖြစ်ပွား၍ ၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်ဖောက်ပြန်၍လက်နက်ယူကာ ရမ်းသမ်းပစ်ခတ်နေသော တပ်ဖွဲ့ဝင်အား BGF တပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ်ဖမ်းဆီးရာတွင် နှစ်ဖက်ပစ်ခတ်မှု များဖြစ်ပွား ခဲ့ပြီး နောက် နံနက် ၆ နာရီခန့်တွင် ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေးစဉ် ပြန်လည်ဖမ်းဆီးရမိခဲ့ပြီဟု BGF နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။
၎င်းက “သံတံတားဂိတ်က မူးယစ်ဆေးကြောင်ပြီး ရန်ဖြစ်တာကနေအချင်းချင်းပြန်ပစ်ပြီး ထွက်ပြေး တဲ့ကောင်ကို လိုက်ပစ်လိုက်ဖမ်းတာလို့ သိရတယ်။ တစ်ယောက်သေတယ်။ ပစ်တဲ့ကောင်က သေနတ် ၂လက်ယူပြေးပြီး ပြန်ခံပစ်တာကို လိုက်ဖမ်းတာ သူက ထိုင်းဘက်ကမ်းကူးပြေးတော့ ထိုင်းစစ်တပ်က ဖမ်းပြီး အခု BGF က လူတွေ ခေါ်သွားပြီ”ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် မြို့တွင်းသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်များ ဝင်ရောက်တိုက်ခိုက်သည့်အတွက် တိုက်ပွဲဖြစ်ပွားနေသည်ဟု မြို့ခံပြည်သူများအကြား သတင်း မှားပျံ့နှံ့ခဲ့ ပြီးနောက် လမ်းမများပေါ်သွားလာမှုမရှိတော့ကြောင်း မြဝတီဒေသခံတစ်ဦးက ယခုလို ပြော သည်။
“မိုးမလင်းသေးဘူး သေနတ်သံကြားရတယ်။ မြစန္ဒီဂေါက်ကွင်းဘက်က၊ သံတံတားဘက်က PDFတွေ ဝင် တိုက်နေတယ်ဆိုပြီး သတင်းထွက်တယ်၊ PDF တွေ ပိတ်မိနေတယ်၊ စစ်တပ် နဲ့BGF တွေ ဝိုင်းထား တယ်ဆိုပြီး ထင်ကြေးနဲ့ ပြောတာသိရတယ်။ မနက်လင်းတော့ သံတံတား BGF ဂိတ်မှာ BGF တွေ မြင်း ကြောင်(မူးယစ်ဆေးဝါး)ပြီး အချင်းချင်းပစ်ကြတာ သေတယ်ကြားရတယ်။ အပြင်တော့ ထွက်ဖို့ ကြောက်တာပေါ့။ ”ဟု သံတံတားကားကြီးဝင်းဟောင်းအနီး နေထိုင်သူက ပြောသည်။
အဆိုပါ BGF ဂိတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မြဝတီမြို့ရှိ BGF တပ်တာဝန်ရှိသူများ ထံ ဖုန်း ဆက်မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထားပြီး ယခုဖြစ်စဉ်ကို ကေအိုင်စီ- သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
လတ်တလော မြဝတီမြို့ ပတ်ဝန်းကျင်နေရာများတွင် စစ်တပ်၊ BGF တပ်နှင့် ဒေသခံပြည်သူ့စစ်လုံခြုံ ရေးကင်းစခန်းများ အခု ၂၀ ကျော်နေရာချထားပြီး KNLA ပူးပေါင်းတပ်ဖွဲ့များ လာရောက်တိုက်ခိုက်မှု မရှိစေရေး လုံခြုရေးတိုးမြှင့်ချထားသည့်နေရာများတွင် တပ်ဖွဲ့ဝင်အချင်းချင်း ခိုက်ရန်ဖြစ်ပွားကာ မကြာခဏ သေနတ်ပစ်ခတ်မှုများရှိကြောင်း မြဝတီမြို့ခံများက ပြောသည်။



















