အောက်တိုဘာလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းမြို့ရှိဒေသခံများသည် မိမိတို့ မြို့ရွာအပြင်ဘက်တွင် စိုက်ပျိုးထားသော စပါးခင်းများ ရိတ်သိမ်းရန် လိုအပ်သော စက် ပစ္စည်းများသယ်ဆောင်ဖြတ်သန်းရာတွင် လမ်းတစ်လျှောက်ရှိ စစ်ကောင်စီ တပ်ဂိတ်စခန်းများအား အခကြေးငွေပေးနေရကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းဖြစ်ပွားခဲ့သည့် မြို့အနီးတိုက်ပွဲနှင့် ပစ်ခတ်မှုများ နောက်ပိုင်း မှစ၍ နတ်သံကွင်းမြို့အဝင်အထွက်ကို စစ်ကောင်စီက ယခင်ထက် ပိုမိုတင်းကြပ် စစ်ဆေးနေရာ ယခုလတ်တလောတွင်လည်း စပါးများရိတ်သိမ်းမည့်ဒေသခံအချို့ လိုအပ်သည့်စက်ပစ္စည်းများ သယ်ဆောင်မှုအတွက် စစ်တပ်ဂိတ်စခန်းများသို့ အကြောင်းကြားပြီးမှဖြတ်ခွင့်ရသလို အခကြေးငွေပါပေးနေရကြောင်း ဒေသခံအမျိုး သားတစ်ဦးက ပြောသည်။
၎င်းက “နတ်သံကွင်းသားတွေပါပဲ ရွာဘေးနားတင်သူတို့လယ်ရှိတာ၊ စပါးတွေ ကမှည့် နေပြီ မိုးလေကင်းတဲ့ရက် ဆင်းရိတ်ဖို့ကို သူတို့ဆီ အကြောင်းကြား ရသေးတယ်။ စပါး ရိတ်တာ စက်တွေနဲ့ရိတ်တော့ သူများအသံကြားရတာဆိုတော့ စခန်းတွေ၊ ဂိတ်တွေ ကို စပါးသွားရိတ်ဖို့အကြောင်းကြားရတယ်။ အဲဒီတော့ ပိုက်ဆံ တောင်းတာပဲ။ အခုက အသုဘပို့ဖို့တောင် ပိုက်ဆံပေးနေရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
စပါးစိုက်ပျိုးရေး၊ ပဲစိုက်ပျိုးရေးနှင့်ခြံထွက်သီးနှံစိုက်ပျိုးရေးကို အများဆုံး လုပ်ကိုင်ကြ သော ညောင်လေးပင်ခရိုင်ရှိ ဒေသခံတောင်သူများအနေဖြင့် ပဋိပက္ခ ကာလ နောက်ပိုင်း ပိုးသတ်ဆေးနှင့်မြေဩဇာဈေး ကြီးမြင့်မှုကြောင့် စိုက်ပျိုးရေး လုပ်ကိုင် ရာတွင် အခက်ကြုံတွေ့နေရသည့်ကြားမှ ယခုလိုအစစ်အဆေးများနှင့် ငွေကြေး တောင်းခံခြင်းများပါ ရင်ဆိုင်နေရသည်ဟု နယ်ခံများထံမှ သိရသည်။
“လက်ရှိကတော့ သွားတာလာတာ အတွက်လည်းပေးရတယ်။ စပါးရိတ်ဖို့ စက်တွေ ဘာတွေသယ်တော့လည်း ပေးရတယ်။ အဲ့လိုမှသွားလို့လာလို့အဆင်ပြေတယ်။ ဒေသခံ တွေ ကုန်တွေဘာတွေသယ်တာ ဆိုရင်လည်း နည်းနည်းပါးပါးလောက်ကတော့ ပေးနေရတာပဲ။” ဟု နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။
ထို့အပြင် ဒေသတွင်း တိုက်ပွဲနှင့်ပစ်ခတ်မှုများကြောင့် စစ်ဘေးတိမ်းရှောင်ရကာလ ရှည်ကြာလာသည့်အပေါ်တွင် မိမိတို့ စိုက်ခင်းများကို ကောင်းစွာကြည့်ရှုစောင့်ရှောက် နိုင်ခြင်းမရှိတော့ဘဲ စီးပွားရေးအကြပ်အတည်းနှင့် လူနေမှုဘဝရပ်တည်ရေး အဆင် မပြေဖြစ်လာရကြောင်း နယ်မြေခံတောင်သူများ၏ ပြောဆိုမှုအရ သိရသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)ထိန်းချုပ်သည့် ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းမြို့အတွင်း စစ်ကောင်စီမှ မြို့အဝင်အထွက်သာမက တစ်အိမ် တက်တစ် အိမ်ဆင်း ဧည့်စာရင်းနှင့်ဖုန်းများ စစ်ဆေးခြင်း မြို့တွင်း ဈေးလာဝယ်သူများအား မသင်္ကာတွေ့ရှိပါက ဖမ်းဆီးထားခြင်းတို့ကို လက်ရှိအချိန်ထိ ဆက်တိုက် လုပ်ဆောင် လာရာ မသင်္ကာမူဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ (၁၀) ဦး ထက်မနည်း တွင်ရှိလာကြောင်း ကေအဲန်ယူဘက်က ထုတ်ပြန်ထားသည့်စာရင်းများအရ သိရှိရသည်။
ယနေ့ အောက်တိုဘာလ(၁၀)ရက်နေ့တွင်လည်း နတ်သံကွင်းမြို့အတွင်းသို့ ဈေးလာ ဝယ်သော လယ်ဝိုင်းကြီးရွာမှဒေသခံ ရွာသားတစ်ဦးအား သံသယဖြင့် ဖမ်းဆီးထိန်း သိမ်းခံထားလိုက်ရကြောင်း ဒေသခံများထံမှ သိရသော်လည်း ပြန်လည်လွတ် မြောက်ခြင်းရှိမရှိကိုမူ ကေအိုင်စီအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။



















