Home သတင်း ဖားအံမြို့တွင် ပစ္စည်းခိုးယူခံရမှု နေ့စဉ်ဖြစ်ပွားနေ

ဖားအံမြို့တွင် ပစ္စည်းခိုးယူခံရမှု နေ့စဉ်ဖြစ်ပွားနေ

707
Photo: CJ

အောက်တိုဘာ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခုလပိုင်းအတွင်း သူခိုးများ ပိုမိုများပြားလာပြီး မြို့ခံပြည်သူများ၏ ပစ္စည်းများ ခိုးယူခံရမှုနေ့စဉ် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဒေသခံပြည်သူများသည် အလုပ်အကိုင်ရှားပါးလာပြီး ကုန်ဈေးနှုန်း လည်း အဆမတန်မြင့်တက်လာမှုကြောင့် မြို့တွင်း သူခိုးများ ပိုမိုများပြားလာကြောင်း ဖားအံမြို့ခံများက သုံးသပ် ပြောဆိုကြသည်။

ဖားအံမြို့ခံတစ်ဦးက “စစ်တပ်အာဏာသိမ်းမှု အကျိုးဆက်ပေါ့။ အလုပ်အကိုင်ရှားတာရယ်။ ကုန်ဈေးနှုန်းတက်တာရယ်။ အဓိကတော့ ငတ်ပြတ်ကုန်ပြီး ။ ဒီနှစ်မှာ‌ သူခိုးတွေတော်တော်ဆိုးလာတယ်။ ပစ္စည်းတွေက နေ့တိုင်းပျောက်ဆုံးတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ညမထွက်ရအမိန့်ကိုထုတ်ပြန်ထားသော်လည်း ပစ္စည်း လိုက်လံခိုးယူသူများသည် ညဘက်မကဘဲ နေ့ခင်းဘက်ကြောင်တောင် ပစ္စည်းခိုးယူသည့်အထိ အတင့်ရဲလာကြောင်း မြို့ခံများက ပြောသည်။

“အခုသူခိုး‌ တွေတော်တော်ပေါတယ်။ နေ့ခင်းဘက်လည်းခိုးတာပဲ ဆိုင်ကယ်တွေ၊ ကားတွေ၊ ဖုန်းတွေ အိုးခွက်ပန်ကာလာခိုးတာပဲ။ ညဘက်၁၂ ကျော်နောက်ပိုင်းတော့ ပိုပြီးခိုးကြတယ်။ သူတို့တွေ ညမထွက်ရအမိန့်တွေ၊ ဘာတွေနားမလည်တော့ဘူး”ဟု အခြားဖားအံမြို့ခံတစ်ဦးကလည်း ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေပြီး လက်လုပ်လက်စား ပြည်သူများသည် အလုပ်အကိုင်ရှားပါးကာ စားဝတ်နေရေးအခက်အခဲများနှင့်ရင်ဆိုင်နေရ၍ ပစ္စည်းများခိုးယူမှုလည်း တဖြည်းဖြည်းမြင့်တက်လာကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ဖားအံမြို့တွင် အာဏာသိမ်းစစ်ကောင်စီက ယခင်ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အရ ညမထွက်ရအမိန့်ကို ယခင် က ည ၁၀ နာရီမှ နံနက် ၅နာရီအစား ပြီးခဲ့သည့် အောက်တိုဘာလ ၂ရက်နေ့မှ စတင်ကာ ည ၁၁နာရီမှ နံနက် ၄နာရီသို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။