Home သတင်း မြိတ်တွင် ညမထွက်ရအချိန် ပြန်လည်လျှော့ချသော်လည်း ဒေသခံများ အပြင်မထွက်ရဲသေး

မြိတ်တွင် ညမထွက်ရအချိန် ပြန်လည်လျှော့ချသော်လည်း ဒေသခံများ အပြင်မထွက်ရဲသေး

812
Photo: Crd.

အောက်တိုဘာ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် စစ်ကောင်စီမှ ညမထွက်ရအချိန် သတ်မှတ် ချက်ကို အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ကာ ပြန်လည်လျှော့ချလိုက်သော်လည်း ညအချိန်အပြင် ထွက်သူများမှ ခြိမ်းခြောက်ခံရမှုများ ရှိနေသေးသောကြောင့် ဒေသခံများအနေဖြင့် အပြင်မထွက်ရဲ သေး ကြောင်း မြိတ်ဒေသခံများက ပြောသည်။

မြိတ်မြို့နယ်တွင် ၂၀၂၂ခုနှစ် မေလ၁၃ရက်နေ့တွင် ညမထွက်ရအချိန်ကို ည ၁၂နာရီမှ မနက်၄နာရီအထိ သတ်မှတ်ထားရာတွင် ယခု အောက်တိုဘာလ၂၇ရက်နေ့မှစတင်ပြီး မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၏ လက်မှတ်ဖြင့် ည ၁၂နာရီမှ နံနက်၃နာရီသို့ ပြောင်းလည်း သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ ပြောင်းလဲသတ်မှတ်လိုက်သော်လည်း စစ်ကောင်စီမှ ညအချိန်အပြင်ထွက်သူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခြင်း၊ ဖမ်းဆီးငွေညှစ် ခြိမ်းခြောက်ခြင်းများကို ပြုလုပ်လျက်ရှိသောကြောင့် ဒေသခံများ အနေဖြင့် ညဘက်အချိန် အပြင်မထွက်ရဲကြောင်း မြိတ်မြို့နေ အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ယခုလိုပြောသည်။

“ပြီးခဲ့တဲ့ရက်ကပဲ ညမထွက်ရအချိန်ကိုထုတ်ပြန်လိုက်တာ။ ဒါပေမဲ့ ဘယ်သူမှ အပြင်ထွက်တာမ တွေ့ရ ဘူး။ ရှစ်နာရီနောက်ပိုင်းဆိုဘယ်သူမှ မရှိတော့ဘူး။ အရင်ကလည်း စစ်တပ်က ညမထွက်ရအချိန်ကို တစ်ခုပြီး တစ်ခုပြောင်းလဲထုတ်တယ်။ ဒါပေမဲ့ ညထွက်ရင် ဖမ်းခံထိတာတို့၊ ငွေနဲ့ပြန်ရွေးရတာတွေ။ ဟို တစ်ခေါက်ကဆို သေနတ်နဲ့တောင်လိုက်ပစ်တယ်လေ။ အဲ့တော့ ဈေးသည်တွေအတွက် ဈေးထွက် ချိန်တွေ ကမောက်ကမ ဖြစ်ကုန်တယ်။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

၎င်းဖြစ်စဉ်နှင့်အလားတူ မွန်ပြည်နယ်၊ ချောင်းဆုံမြို့တွင်လည်း အာဏာသိမ်းစစ်ကောင်စီ လက် အောက်ခံချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ယခင်က ည ၁၂နာရီမှ နံနက် ၄နာရီအထိ သတ်မှတ်ထားရာမှ အောက်တိုဘာလ ၂၇ရက်နေ့တွင် ညမထွက်ရအမိန့်ကို ည ၁နာရီမှ နံနက် ၃နာရီအထိ လျှော့ချထုတ်ပြန်လိုက်ကြောင်း ချောင်းဆုံမြို့နေဒေသခံများက ပြောသည်။

ယခုလို အချိန်လျှော့သတ်မှတ်မှုများရှိသော်လည်း အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း လူငယ်များအနေဖြင့် လွတ်လပ်စွာသွားလာနိုင်ခြင်းမရှိသလို စိတ်မလုံခြုံမှုများမှာ ဆက်လက်ရှိနေသေးကြောင်း ချောင်း ဆုံမြို့နေ အမည်မဖော်လိုသူအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အချိန်ကဘာမှ မထူးသွားဘူးလေနော်။ အဲ့အချိန်တွေက ဘယ်သူမှ အပြင်မထွက်ကြတော့ဘူး။ အာဏာမသိမ်းခင်ကတော့တစ်မျိုးပေါ့။ ကိုယ့်ဘာသာကိုယ် ဘယ်အချိန်ထွက်ထွက်ဘယ်သူမှ ကြောက် စရာမလိုဘူး။ လူငယ်တစ်ယောက်အနေနဲ့ဆို ကိုယ့်နိုင်ငံနဲ့ကိုယ်တောင် ပျော်ဖို့ပါးဖို့အခွင့်အရေး မရှိသ လိုနေနေရတယ်။ လူတိုင်းကို ကြောက်စိတ်နဲ့ ကြည့်နေရတယ်။ စိတ်မလုံခြုံဘူးပေါ့လေ။”ဟု ပြောသည်။

ထို့အပြင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသည့် ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ် အပါအဝင် စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်တွင်လည်း ညမထွက်ရအမိန့် အချိန်ပြောင်း လဲမှုမရှိသေးကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီမှ ညမထွက်ရအချိန်ကို လျှော့ချပေးခဲ့သော်လည်း အများပြည်သူနှင့် သက် ဆိုင်သည့် နေရာများတွင် လူ ၅ ဦးနှင့်အထက်စု‌ဝေးခြင်း၊ စီတန်းလှည့်လည်ဆန္ဒပြခြင်း၊ ဟောပြောခြင်း စ သည်တို့ကို တားမြစ်လုပ်ဆောင်နေဆဲဖြစ်ကြောင်းဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။