စက်တင်ဘာ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များက ယခု စက်တင်ဘာလအစမှစတင်၍ မြန်မာပြည်သားများ နေထိုင်ရာ ရပ်ကွက်များတွင် ဖမ်းဆီးရှာဖွေ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကူညီလုပ်ဆောင်သူများက ပြောသည်။
မဲဆောက်မြို့နယ်တွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယခင်ထက် ပိုမိုလှည့်လည် နေသလို မသင်္ကာ သူများကိုတွေ့ရှိလျှင် ခေါ်ယူစစ်ဆေးခွင့်၊ မေးမြန်းခွင့်လည်းရှိနေသည့်အပြင် အထောက်အထား ရှိ မရှိကိုလည်း ဝင်ရောက်စစ်ဆေးမှုများ ပိုမိုပြုလုပ်လာကြောင်း မဲဆောက်အခြေစိုက် မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။
ဦးမိုးကြိုးက“ ဒီတာ့ခ်ခရိုင်မှာ လက်နက်တွေ ခဏခဏမိတယ်။ မဲဆောက်မှာလည်း ဆင်ခြေဖုံးတွေမှာ ကျေးရွာ မှာတို့၊ ရပ်ကွက်မှာတို့ လက်နက်ပစ္စည်းတွေ ထုတ်လုပ်တယ်ဆိုတဲ့ဟာတွေ ဆက်စပ်ပစ္စည်းတွေမိတယ်။ အဲဒါမျိုး တွေကို အကြောင်းရင်းရှာပြီးတော့ မူလနေတဲ့မြန်မာနိုင်ငံသားတွေ သွားရလာရနေရ ထိုင်ရတာ ပိုပြီး အကြပ် တည်းတွေ့တယ်။ ပိုလည်းလုံခြုံရေးသတိရှိရမှာပေါ့။ အခုက တာ့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ချစ်ကြည် ရေးတံတားမှာလာပြီးစစ်ဆေးမှုတွေရှိတော့ စစ်ဆေးမှုများလာတာ”ဟု ကေအိုင်စီသို့ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၅ရက်နေ့က တာ့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူးမှ မဲဆောက်မြို့ အမှတ်(၁) ချစ်ကြည် ရေးတံတားတွင် လာရောက်စစ်ဆေးသွားခြင်းရှိသည့်အတွက် အဆိုပါတံတားပေါ်ရှိ ဝင်ထွက်သွားလာသူများနှင့် ကုန်ပစ္စည်းများကိုလည်း ပိုမိုစစ်ဆေးလာသည့်အပြင် မဲဆောက်မြို့အနီး မက္ကဆာရွာတွင် ဒရုန်းထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ မြန်မာပြည်သား (၈)ဦး ဖမ်းဆီးခံရသည့် နောက်ဆက် တွဲကြောင့်လည်း ပါဝင်ကြောင်း ဦးမိုးကြိုးက ဆိုသည်။
“ မယ်က္ကဆာကျေးရွာမှာနေတဲ့ မြန်မာလူငယ်တစ်စုက သူတို့နေအိမ်မှာ ဒရုန်းထုတ်လုပ်တဲ့ ဆက်စပ် ပစ္စည်း တွေနဲ့ဖမ်းဆီးခံရတာက စက်တင်ဘာ (၃)ရက်နေ့၊ မြဝတီမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ဖြစ်စဉ် မဖြစ်ခင် ကတည်း က။ ဒါပေမယ့် အဲဒီကရွာလူကြီးက သူ့လူမှုကွန်ယက်စာမျက်နှာမှာ ဖမ်းဆီးခံရတာတွေကို တင်လိုက်တော့ ထိုင်းအာဏာပိုင်တွေက ပိုပြီးမျက်စိကျတာ။ ပြောရမယ်ဆိုရင် မြဝတီဖြစ်စဉ်နဲ့ဆက်စပ်သလိုဘာလိုနဲ့ ထိုင်းအာဏာပိုင်ဘက်က ပိုစစ်ဆေးမှုတွေရှိလာတာ တစ်ချက်ပါတာပေါ့” ဟု ဦးမိုးကြိုးက ဆက်ပြောသည်။
ထို့အပြင် မဲဆောက်မြို့စျေးကြီးအနီးရှိ မြန်မာပြည်သားများ အနေများသည့် အများခေါ် ဖိုးထူးကုန်းရှိ မြန်မာပြည် သားများ စျေးရောင်းသည့် ဆိုင်တန်းတွင် စက်တင်ဘာလ (၄)ရက်နေ့တွင် ထိုင်းစစ်သားများအပါအဝင် လုံခြုံရေး အဖွဲ့စုံ များပါဝင်၍ ဝင်ရောက်ရှာဖွေစစ်ဆေးမှုရှိကာ အထောက်အထားမရှိသူအချို့ကို ခေါ်ဆောင် သွားခြင်းရှိကြောင်းလည်း သိရသည်။
ဖိုးထူးကုန်းရှိ နေထိုင်သည့် မြန်မာပြည်သားတစ်ဦးက“ ဟိုနေ့က အဖွဲ့စုံနဲ့ ဝင်ဖမ်းတယ်ဆိုတော့ သူတို့မှာ သတင်း တစ်ခုခုရထားလို့ ဝင်ဖမ်းတာဖြစ်နိုင်တယ်။ အထောက်အထားနဲ့ပတ်သက်ပြီး ဝင်ဖမ်းတာတော့ မဟုတ် လောက်ဘူး။ သူတို့က အဲလိုဝင်ဖမ်းပြီးဆိုရင် ဆေးမဟုတ်ရင် လက်နက်ပစ္စည်းတွေကြားလို့ ဝင်ရောက်စစ် ဆေးတာပဲဖြစ်မယ်။ ဒါပေမယ့် ဘာမှဖမ်းဆီးရတာတွေမရှိဘူးလို့တော့ ကြားတယ်”ဟု ပြောသည်။
မဲဆောက်မြို့သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည် သားများ အများအပြားဝင်ရောက်နေထိုင်သည့်အပြင် ရပ်ကွက်အချို့တွင် မြန်မာပြည်သို့ ပို့ဆောင်သည့် လက်နက် ခဲယမ်းများ မကြာခဏဖမ်းဆီးခံရမှုလည်းရှိသည်။



















