Home သတင်း ကရင်အမျိုးသားရဲတပ်ဖွဲ့ဝင် ၈ ဦးအား တရားဝင်ရာထူးပေးအပ်

ကရင်အမျိုးသားရဲတပ်ဖွဲ့ဝင် ၈ ဦးအား တရားဝင်ရာထူးပေးအပ်

1013

စက်တင်ဘာ ၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားရဲတပ်ဖွဲ့ -KNPF ဗဟိုနှင့် ဖားအံခရိုင်၊ မြို့နယ်များရှိ ကရင်အမျိုးသားရဲတပ်ဖွဲ့ ဝင် (၈) ဦးကို ယနေ့စက်တင်ဘာ ၇ ရက်နေ့တွင် ကေအဲန်ယူ၊ တပ်မဟာ(၇) နယ်မြေ၊ ဖားအံခရိုင်တွင် အခမ်းအနားဖြင့် တရားဝင်ရာထူးပေးအပ်သည့် အစီအစဉ်တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။

KNPF (ဗဟို)မှ လုပ်သက်ရင့် ရဲတပ်သား (၃) ဦးနှင့် ဖားအံခရိုင်၊ မြို့နယ်များရှိ ရဲအရာရှိသင်တန်းတက် ရောက် အောင်မြင်သွားသည့် ရဲတပ်ဖွဲ့ဝင် (၅) ဦး စုစုပေါင်း (၈) ဦးကို မြို့နယ်ရဲမှူးအဖြစ် ဒုရဲအုပ်ရာထူး အသီးသီးပေးအပ်ခဲ့ပြီး စနစ်တကျတာဝန်ပေးနိုင်ရန်အတွက်ဖြစ်ကြောင်း ဖားအံခရိုင်ရဲမှူးကြီး ဒုတိယ ဗိုလ်မှူးကြီး စောမောင်ကြည်က ပြောသည်။

၎င်းက “အခုလိုကြယ်ပွင့်တွေတပ်ပေးတာကလည်း ရိုးရိုးတပ်ပေးတာမဟုတ်ဘူး။ အဖက်ဖက် ကနေ ကြည့်ပြီး တပ်ပေးတာ။ နေရာရတဲ့သူကလွယ်လွယ်နဲ့ရတာမဟုတ်ဘူး။ သူတို့ရဲ့ အကျင့် စာရိတ္တ ကောင်းမွန်မှုအပေါ် ကြည့်ပြီးပေးတာ။ ဒါမှ ပြည်သူလူထုရဲ့ ယုံကြည်မှုကိုရပြီး ပြည်သူတွေနဲ့ လက်တွဲ လုပ်ဆောင်ပြီး ပြည်သူ့ ထောက်ခံမှုနဲ့ ပြည်သူတွေရဲ့ လုံခြုံမှုရော တရားဥပဒေ စိုးမိုးမှု ရှိလိမ့်မယ်လို့ ယုံကြည်တယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့ပြုလုပ်သည့် ရာထူးပေးအပ်သည့် အခမ်းအနားသို့ KNPF-ဗဟို ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဗိုလ်မှူးကြီး စောကြီးနို၊ ဖားအံခရိုင်ရဲမှူးကြီး ဒုတိယ ဗိုလ်မှူးကြီးစောမောင်ကြည်၊ ဖားအံခရိုင် တရားသူကြီး ပဒိုမန်း ပန်သီ၊ တပ်မဟာ(၇)စစ်ဘက်တာဝန်ရှိသူနှင့် နယ်မြေခံ ကေအဲန်ယူတာဝန်ရှိသူများ၊ ကရင့်အမျိုးသားရဲ တပ်ဖွဲ့မှ ရဲတပ်သားများနှင့်ဒေသခံပြည်သူများအပါအဝင် စုစုပေါင်း (၄၀)ကျော် တက်ရောက် ဂုဏ်ပြုခဲ့သည်။

၎င်းအခမ်းအနားတွင် ရာထူးပေးခံရသော ပိုင်ကျုံမြို့နယ်ရဲအုပ် စောထူးကိုလိုက “အခုဒီကနေ့ ရာထူး ပေးတာကြတော့ တာဝန်ရှိလာတာပေါ့။ အဲဒီတော့ လုပ်စရာတွေများလာတာပေါ့။ မြို့နယ်မှာရော ခရိုင်မှာရော နေတဲ့သူတွေက ချမှတ်ထားတဲ့ ကော်သူးလေ ဥပဒေတွေကို လိုက်နာကျင့်သုံး နိုင်အောင် တရားဥပဒေ စိုးမိုးနိုင်အောင် တိုက်တွန်းလုပ်ဆောင်ရမှာပေါ့။” ဟု ကေအိုင်စီ သို့ ပြောသည်။

KNPF အနေဖြင့် ကေအဲန်ယူထိန်းချုပ်ရာ ခရိုင် ၇ ခုလုံးတွင် ကေအဲန်ယူမှ ချမှတ်ထားသည့် ကော်သူးလေ ဥပဒေများအတိုင်း ရာဇဝတ်မှုဆိုင်ရာဥပဒေ၊ တရားမမှုဆိုင်ရာဥပဒေ၊”မှော်”ဥပဒေနှင့် ဥပဒေလုပ်ထုံး လုပ်နည်းများ ချိုးဖောက်မှု မရှိစေရေး ဒေသတွင်း တရားဥပဒေစိုးမိုးမှု ရှိစေရေးတို့အတွက် အကောင်အထည် ဖော်လုပ်ဆောင်ရခြင်းဖြစ်သည်။

ကရင်အမျိုးသားရဲတပ်ဖွဲ့ကို ၁၉၉၁ခုနှစ်၊ ‌ကေအဲန်ယူ၏ (၁၀)ကြိမ်‌မြောက် ကွန်ဂရက်တွင် စတင် ဖွဲ့စည်းခဲ့သော်လည်း ‌စနစ်တကျအတည်မပြုခဲ့သည့်အတွက် ၂၀၁၇နှစ်၊ ကေအဲန်ယူ၏ (၁၆)ကြိမ်‌မြောက် ကွန်ဂရက်တွင် ထပ်မံအတည်ပြုခဲ့ခြင်းဖြစ်သည်။ ဖားအံခရိုင်တွင် ယခုလိုရာထူးပေးအပ်ခြင်း အစီအစဉ်ကို ပထမဦးဆုံး အကြိမ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။