Home သတင်း မင်းအောင်လှိုင် ဦး‌ဆောင်သည့် စစ်အုပ်စုသည် ကဏ္ဍစုံပြိုလဲကျဆုံး‌နေပြီဟု NUG ယာယီသမ္မတပြော

မင်းအောင်လှိုင် ဦး‌ဆောင်သည့် စစ်အုပ်စုသည် ကဏ္ဍစုံပြိုလဲကျဆုံး‌နေပြီဟု NUG ယာယီသမ္မတပြော

1791
Photo: NUG

စက်တင်ဘာ ၇ ရက်၊ ၂၀၂၃ ခုနှစ်‌။ ကေအိုင်စီ

အကြမ်းဖက် မင်းအောင်လှိုင်နှင့်စစ်အုပ်စုသည် ကဏ္ဍစုံမှာအဘက်ဘက်ပြိုလဲနေပြီဖြစ်ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ -NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ နံနက်အစောပိုင်း ပြုလုပ်သည့် (NUG) အစိုးရ၏ ပြည်သူ့ခုခံတော်လှန်စစ်ကြေငြာခြင်း (၂) နှစ်ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ပြည်သူ့တော်လှန်ရေးသည် နိုင်ငံရေး၊ စစ်ရေးနှင့် ပြည်သူပါဝင်ရေးစသည့် ကဏ္ဍအသီးသီးတွင် အောင်မြင်မှုရရှိနေပြီး အကြမ်းဖက်စစ်အုပ်စုတွင် အဘက်ဘက်မှ ပြိုလဲနေကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ၎င်း၏ မိန့်ခွန်းတွင် ယခုလို ပြောကြားခဲ့သည်။

“နွေဦးတော်လှန်ရေးရဲ့ ပြည်သူ့ခုခံတွန်းလှန်မှုဟာ ဒီကနေ့စက်တင်ဘာလ ၇ရက်နေ့မှာ(၂)နှစ် ပြည့်ပြီး ဖြစ်တယ်။ ပြည်သူ့တော်လှန်ရေးဟာ နိုင်ငံရေး၊ စစ်ရေး၊ ပြည်သူပါဝင်ရေးစတဲ့ ကဏ္ဍအသီးသီးမှာ အောင်မြင်မှုတွေရရှိနေပြီးဖြစ်တယ်။ ရန်သူစစ်အုပ်စုအတွက် အလုံခြုံဆုံးလို့ယုံကြည်ကြတဲ့နေပြည် တော်တွင် မလုံခြုံမှုများ ခံစားရအောင် တော်လှန်ရေးရဲဘော်တွေက စွမ်းဆောင်ပြနိုင်ပြီးဖြစ်တယ်။ အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေးစတဲ့ ကဏ္ဍစုံမှာအ ဘက်ဘက်က ပြိုလဲကျဆုံးနေပြီးဆိုတာ အားလုံးမြင်တွေ့ရမှာဖြစ်တယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။

စစ်ရေးကဏ္ဍတွင် အကြမ်းဖက်စစ်ကောင်စီ၏ စခန်းပေါင်း ၁၀၇ ခုထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ရ ဟတ်ယာဉ် ၁ စီး၊ စစ်လေယာဉ် ၁ စီးနှင့် သံချပ်ကာယာဉ် ၂ စီးကို ဖျက်ဆီးနိုင်ခဲ့သည့်အပြင် တိုက်ပွဲ ပေါင်း (၉၉၀၀) ကြိမ်ခန့် ဖြစ်ပွားရာခဲ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးသောင်းခန့်ကို ချေမှုန်းနိုင်ခဲ့ကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အတူ သံတမန်ရေးရာတွင်လည်း စစ်ကောင်စီအနေဖြင့် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံအချို့၏ ဆန့်ကျင်ရှုတ်ချမှုကို ခံရသည့်အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံဆိုင်ရာ အစီရင် ခံစာများမှတစ်ဆင့် စစ်ကောင်စီခေါင်းဆောင်များကို ဖိအားလုပ်ဆောင်မှုများလည်း ဆက်တိုက် ထွက်ပေါ်လာလျက်ရှိကြောင်း တွေ့ရှိရသည်။

၎င်းအပြင် စီးပွားရေး ကဏ္ဍများတွင်လည်း မြန်မာနိုင်ငံသို့လာရောက်ရင်းနှီးမြုပ်နှံသည့် ပြည်ပကုမ္ပဏီ အချို့ နိုင်ငံတွင်းမှ ထွက်ခွားသွားကြသလို ငွေကြေးဆိုင်ရာဘဏ်လုပ်ငန်းများတွင်လည်း အဆက် အသွယ်ဖြတ်တောက်ခံရမှုများကို ကြုံတွေ့နေရသည့်အပြင် ငွေကြေးဖောင်းပွမှုနှင့် နောက်ဆက်တွဲ စီးပွားရေးပြိုလဲပျက်စီးနေသည့်အနေအထားသို့ ရောက်ရှိနေပြီး အကျိုးဆက်အနေဖြင့် ပြည်သူလူထုများ အလုပ်အကိုင်ရှားပါးခြင်းနှင့်ကုန်ဈေးနှုန်းများမြင့်တက်သည့်ဒဏ်များကိုခံကြရကြောင်း နိုင်ငံရေးသုံး သပ်သူများက ထောက်ပြပြောဆိုကြသည်။

ဆက်လက်ပြီး နွေဦးတော်လှန်ရေးတပ်ဖွဲ့များသည် ယခုအချိန်တွင်မဟာဗျူဟာ ကျကျစနစ်တကျ တပ်ရင်းတပ်ဖွဲ့များ ဖွဲ့စည်းနိုင်ပြီး စစ်ဒေသ (၃)ခုတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တပ်ရင်းပေါင်း (၃၀၀)ကျော်ဖွဲ့စည်းထားနိုင်ကာ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်တိုင်း ရင်သား လက်နက်ကိုင် မဟာမိတ်အင်အားစုများနှင့်လက်တွဲလုပ်ဆောင်နေကြောင်းလည်း ယာယီသမ္မတက ဆက်ပြောသည်။

“ကိုယ့်ဒေသ၊ ကျေးရွာကာကွယ်‌ရေးအတွက် လက်လုပ်တူမီးသေနတ်များဖြင့် စတင်ပေမဲ့ အခုချိန်မှာ မဟာဗျူဟာကျကျ တပ်ရင်း၊ တပ်ဖွဲ့တွေဖွဲ့စည်းနိုင်တဲ့အဆင့်ကို ရောက်ရှိနေပြီးဖြစ်တယ်။ Generation -Z လူငယ်များ၊ နည်းပညာရှင်များရဲ့ စမ်းသစ်တီထွင်မှုများကြောင့် အကြမ်းဖက်စစ်အုပ်စုကို ထိရောက် စွာ တိုက်ခိုက်ချေမှုန်းနိုင်ပြီးဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အင်အားစုများနဲ့အတူ လက်တွဲကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်လျက်ရှိတယ်”ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။

သို့သော် NUG ခေါင်းဆောင်များ၏ တော်လှန်ရေးဦးဆောင်မှုနှင့် တော်လှန်ရေး ကာလအတွင်းဖြစ်ပေါ် နေသည့် အဖွဲ့အတွင်းပြဿနာများအား ကိုင်တွယ်ဖြေရှင်းပုံများအပေါ် တိုင်းရင်းသားမဟာမိတ် ခေါင်း ဆောင်အချို့ နှင့် နိုင်ငံရေး လေ့လာစောင့်ကြည့်သူများ၊ ပြည်သူလူထုအချို့ ၏ ဝေဖန်ထောက်ပြခံရမှုများလည်း ရှိသည်။