Home သတင်း ပျောက်ဆုံးသွားသည့် ခရစ်ယာန်အသင်းအုပ်ဆရာ သုံးပတ်ကြာအထိ ပြန်မတွေ့သေး

ပျောက်ဆုံးသွားသည့် ခရစ်ယာန်အသင်းအုပ်ဆရာ သုံးပတ်ကြာအထိ ပြန်မတွေ့သေး

820
Photo: Crd.

ဩဂုတ်လ ၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)ရှိ ထီးခီး-မေတ္တာလမ်းမပေါ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့က ပျောက်ဆုံးသွားသည့် အမြာကျေးရွာ အသင်းအုပ်ဆရာတစ်ဦး သုံးပတ်ကြာလာသည်အထိ ပြန်လည်ရှာတွေ့ခြင်းမရှိသေးကြောင်း ထားဝယ်မြိတ်သာသနာနယ် ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့က ယမန်နေ့ ဩဂုတ်လ ၃ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ အမြာအသင်းအုပ်ဆရာ အသက် (၃၂)နှစ်အရွယ် စောဟဲခူသည် အမြာရွာမှတဆင့် မိသားစုရှိရာ မေတ္တာမြို့သို့ပြန်လာစဉ် လမ်းတွင်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပျောက်သွားခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းအမျိုးမျိုးထွက်ရှိသော်လည်း မှန်ကန်မှုမရှိသေးသည့်အတွက် ဝိုင်းဝန်းဆုတောင်းပေးကြရန် ၎င်း၏အသင်းတော်က ထုတ်ပြန်ထားသည်။

စုံစမ်းသိရှိချက်အရ အသင်းအုပ်ဆရာ စောဟဲခူသည် အမြာရွာသို့ထွက်ခွာပြီး ဝါးတောနှင့် ဆင်ဖြူတိုင်ကျေးရွာအရောက်တွင် အသင်းသားများနှင့်လည်းတွေ့ဆုံခဲ့ပြီးနောက် မေတ္တာသို့ ပြန်လည်ထွက်ခွာကာ ကနီနှင့် မေတ္တာကြားတွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ထားဝယ်မြိတ် သာသနာနယ် ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့၏ ထုတ်ပြန်စာထဲတွင် ဖော်ပြထားသည်။

ထိုအသင်းအုပ်ဆရာပျောက်ဆုံးသွားသည့်ကိစ္စကို ၎င်း၏ ဇနီးဖြစ်သူ နော်မူးဘာမှ စုံစမ်းရှာဖွေပေးရန် ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)ထံသို့ ဇူလိုင်လ ၂၈ရရက်နေ့တွင် စာပို့ထားခြင်းရှိ သည့်အတွက် ကေအဲန်ယူဘက်မှ စုံစမ်းရှာဖွေမှုများလုပ်ဆောင်ခဲ့သော်လည်း ပြန်လည်တွေ့ ရှိခြင်းမရှိသေးဘဲ ဆက်လက် စုံစမ်းသွားမည်ဖြစ်ကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်က ဩဂုတ်လ (၁)ရက်နေ့တွင် အကြောင်းပြန်စာ ပြန်လည်ပေးပို့ခဲ့သည်။

ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးပဒိုစောအယ်နာက“သူပြန်တဲ့နေ့က အဲဒီမှာ ဗိုလ်အယ်ခွီး(ကော်လာဖိုး)အဖွဲ့တွေ လမ်းပိတ်တဲ့ရက်ဖြစ်တယ်။ အဲဒီရက်မှာ အဲဒီလမ်းမှာ ကော်လာဖိုး လူတွေကို သစ်ပင်ခုတ်လှဲပြီး လမ်းပိတ်တာရှိတယ်။ အဲဒီခုတ်လှဲတဲ့သစ်ပင်ကို ကျနော်တို့ ရဲဘော်တွေက လမ်းသွားရှင်းရသေးတယ်။ ဆရာဟဲခူကို ကျနော်တို့ရဲဘော်တွေက တွေ့သေးတယ်။ အဲဒီမှာ သူအပါ အဝင်တခြားလူ ဆိုင်ကယ်တွေတောင် ရဲဘော်တွေက ဝိုင်းကူမပေးရသေးတယ်။ သူပြန်တဲ့လမ်း စယ်သူး နာနဲ့ မေတ္တာမြို့ကြားက ခလိဆာထာမှာ ကော်လာဖိုးအဖွဲ့တစ်ဖွဲ့တော့ရှိတယ်။ ကျနော်တို့လူတွေက အဲဒီဘက်မှာမရှိတော့ အဲဒီဘက်ပိုင်းတော့ မသိရဘူး” ဟု ပြောသည်။

Photo: Crd.

ထိုနေ့တွင် ကေအဲန်ယူခရိုင် ကျန်းမာရေးဌာနဘက်မှ ကစယ်ဒိုမြို့နယ်ရုံးသို့ ဆေးများပို့ဆောင်ရန် သွားသည့်ကားကိုလည်း ဗိုလ်အယ်ခွီး(ကော်လာဖိုး) အဖွဲ့ရှိရာ ခလိဆာထာနေရာတွင် ကားများတားကာ သွားခွင့်ပိတ်ပင်ပြီး ကားဘီးများပစ်ဖောက်ခံရသည့်နေ့ဖြစ်ကြောင်းလည်း ကေအဲန်ယူ ဘိတ်ထား ဝယ်ခရိုင်ဘက်က ဆိုသည်။

အဆိုပါ အသင်းအုပ်ဆရာပျောက်ဆုံးမှုနှင့်ပတ်သက်၍ ကေအဲန်ယူဘက်မှ ဆက်လက် စုံစမ်းရှာဖွေ နေဆဲဖြစ်သလို တစ်စုံတစ်ရာအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ပြောဆိုသော်လည်း KTLA ဘက်ကမူ အသင်းအုပ်ဆရာ၏ အလောင်းကို တနင်္သာရီမြစ်ကြောင်းတစ်နေရာတွင် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို KTLA တာဝန်ရှိသူက“ KNUရဲ့ ထုတ်ပြန်ချက်က ကျနော်တို့ကို စွပ်စွဲချင်သလိုဖြစ်တယ်။ အဲဒီဖြစ်တဲ့ အချိန်မှာ အဲဒီနေရာမှာ ကျနော်တို့လူတွေမရှိဘူး။ သူတို့က လမ်းမပေါ်မှာ ကျနော်တို့ကိုမရှိစေချင်တော့ ကျနော်တို့က မရှိဘူး။ အဲဒီနေ့မှာ ရန်သူတွေလည်း တက်တော့နည်းနည်းရှုပ်တယ်။ ရှေ့တန်းမှာရှိတဲ့ ဗိုလ်အယ်ခွီးကိုမေးတော့ သူ့အလောင်းက ပြန်တွေ့ပြီးလို့ ပြောတယ်။ တနင်္သာရီမြစ်ကြောင်း တစ်နေရာမှာ အလောင်းပေါ်လာတာ ပြန်တွေ့တယ်လို့ပြောတယ်။ ” ဟု ပြောသည်။

အဆိုပါ အသင်းအုပ်ဆရာ အလောင်းပြန်လည်တွေ့ရှိခြင်းနှင့်ပတ်သက်၍ ၎င်း၏ မိသားစုဝင်ထံ ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်အတည်ပြုရန် ကြိုးစားသော်လည်း ဆက်သွယ်ချိတ်ဆက်၍ မရရှိသေးပေ။

စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ကေအဲန်ယူ တပ်မဟာ(၃)၊ တပ်မဟာ(၆)နှင့် တပ်မဟာ(၄)တို့တွင် ဒေသခံလူထု ပျောက်ဆုံးသေဆုံးမှုမကြာခဏဖြစ်ပွားလေ့ရှိသည်ဟု သိရပြီး အချို့မှာ ပျောက်ဆုံး မှုကြာမြင့်နေပြီဖြစ်သော်လည်း သတင်းအစအနများ တစ်စုံတစ်ရာ ပြန်လည်မရရှိသည့် ဖြစ်စဉ်များ ရှိကြောင်း ကရင်လူအခွင့်အရေးအဖွဲ့-KHRG ထံမှ သိရသည်။