သြဂုတ်လ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လတစ်လတာအတွင်း စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုး ဖောက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ၉ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရှိခဲ့ ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)အတွင်းရေးမှူး (၂) ကိုဗညားက ပြောသည်။
ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်-KNDF အကြား တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲနှင့်မသက်ဆိုင်သည့် ဒေသခံပြည်သူများ၏ နေအိမ်၊ စစ်ဘေးရှောင်ပြည်သူစခန်းနှင့် စာသင်ကျောင်း စသည့်နေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက် ခိုက်ခဲ့ခြင်းကြောင့် ယခုလို ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကိုဗညားက ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။
၎င်းက “ဇူလိုင်ကစပြီးတော့ စစ်ဆင်ရေးတွေ ပြန်လုပ်တာရှိတယ်။ လူထုတွေသေကြေမှုကတော့ စစ်ကောင်စီ တပ်က လူထုတွေရှိတဲ့အရပ်တွေကို တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတာတွေရှိတယ်။ လက်နက်ကြီးနဲ့ တိုက်ခိုက်တာတွေ ထုတာတွေလည်းရှိပါတယ်။ သေဆုံးတာ ၉ ဦးရှိတယ်။ ထိခိုက်တာက ၁၁ ဦးရှိတယ်။ ဒါက တော့ နီးစပ်ရာပြုစုထားတဲ့စာရင်းတွေပေါ့။”ဟု ပြောသည်။
ထို့အပြင် အခြားသော ဖျားနာသေဆုံးသူများလည်းရှိပြီး ယခင်လတစ်လအတွင်း ဖမ်းဆီးခံရသူ အရပ်သား ၁၀ ဦးခန့်ရှိသည့်အနက် ပြန်လွတ်လာသူတချို့ရှိသလို မလွတ်သေးသူများလည်းရှိကြောင်း ကိုဗညားက ဆက် ပြောသည်။
ကရင်နီပြည်နယ်အတွင်းရှိ မိုးဗြဲ၊ လွိုင်ကော်၊ ဘောလခဲနှင့် ရွာသစ်စသည့်မြို့များတွင်လည်း စစ်ကောင်စီ တပ်များနှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်-KNDF ပူးပေါင်းတပ်များအကြား မကြာခဏ တိုက်ပွဲဖြစ် ပွား နေပြီး နီးစပ်ရာဒေသခံပြည်သူများအနေဖြင့်လည်း ယနေ့အချိန်ထိ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရဆဲဖြစ်သည်။
၎င်းအပြင် ကရင်နီပြည်နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး စခန်းချနေထိုင်နေသည့် စစ်ကောင်စီ တပ်များသည် လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကိုမီးရှို့ ဖျက်ဆီးခြင်း များလည်း ပြုလုပ်လျက်ရှိနေကြောင်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်ရ သိရသည်။
ထိုသို့ စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲနှင့်သက်ဆိုင်မှုမရှိသည့် စစ်ဘေးရှောင်ပြည်သူများနှင့် အရပ်သားပြည် သူများကို ပစ်မှတ်ထားတိုက်ခိုက်လာခြင်းသည် တော်လှန်ရေးတွင် လူထုထောက်ခံမှုကျဆင်းစေရန် ရည်ရွယ် ချက်ရှိရှိ ခြောက်လန့်ပြီး ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ၂ ကိုဗညားက ပြောသည်။
“စစ်ကောင်စီတပ်က လူထုတွေကို တမင်တကာခြိမ်းခြောက်တယ်။ နောက်ပြီးတော့ ကျောင်းတွေ စာသင် ကျောင်းတွေ နေအိမ်တွေကို တိုက်ခိုက်တယ်ဆိုတာက ကျန်းမာရေးပညာရေးတွေ မရအောင် ဖျက်ဆီးတာ လည်းပါမှာပေါ့။ လူထုတွေကို တိုက်ခိုက်ပြီးတော့မှ လူထုကိုအကြောက်တရားနဲ့ နောက်ပိုင်းသူတို့ စစ်ကြောင်း ထိုးရင်သူတို့ကို မတိုက်ခိုက်ဖို့အတွက် တိုက်ခိုက်မယ်ဆိုရင် အဲ့ဒီရွာတွေကို ပစ်မယ်၊ မီးရှို့မယ်ဆိုပြီး အမြဲတမ်း ခြိမ်းခြောက်ခဲ့ပါတယ်။ တော်လှန်ရေးမှာ လူထုတော်လှန်ရေးအားနည်းသွားအောင် အကြောက်တရားတွေနဲ့ သူတို့ပြောတဲ့အတိုင်းပဲနေလို့ရအောင် စကစက လူထုတွေကို ပစ်သတ် မီးရှို့သတ်ဖြတ်တယ်လို့ပဲ ကျနော် မြင်ပါတယ်”ဟု ဆိုသည်။
ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီကို ပြီးခဲ့သည့််ဇွန်လ ၁၂ ရက်နေ့တွင် ကရင်နီပြည်နယ်အတွင်းရှိ မျိုးနွယ် စုနှင့် ဘာသာရေးအယူဝါဒ စုံလင်ကွဲပြားမှုများရှိနေသည့် ကရင်နီပြည်သူများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဘုံသဘော ထားရယူစုစည်းကာ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။



















