Home သတင်း စစ်ရေးတင်းမာသည့် လမ်းပိုင်းတွင် စစ်တပ်နှင့် အပစ်ရပ်အဖွဲ့များ ဂိတ်ကြေးယူပြီး လိုင်စင်မဲ့ကား ဖြတ်သန်းခွင့်ပြုနေ

စစ်ရေးတင်းမာသည့် လမ်းပိုင်းတွင် စစ်တပ်နှင့် အပစ်ရပ်အဖွဲ့များ ဂိတ်ကြေးယူပြီး လိုင်စင်မဲ့ကား ဖြတ်သန်းခွင့်ပြုနေ

913
Photo: CJ

ဩဂုတ် ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း စစ်ရေးတင်းမာနေသည့် ဒေသတွင်းလမ်းပိုင်းများတွင် စစ်တပ်က လမ်းများ ဖျက်ဆီးဖြတ်တောက်ထားသော်လည်း ထိုင်း-မြန်မာနယ်စပ်မှ တရားမဝင်လိုင်စင်မဲ့ကားများ မြန်မာပြည် တွင်းသို့ ပို့ဆောင်ရာတွင် စစ်တပ်နှင့် အပစ်ရပ်လက်နက်ကိုင်ဂိတ်များအား ဂိတ်ကြေးပေးဆောင်ပြီး သွားလာခွင့်ရနေကြောင်း ကော့ကရိတ် ဒေသခံများက ပြောသည်။

ကရင်ပြည်နယ် ကော့ကရိတ် မြို့ နယ်အတွင်း ကိုးတိုင်-တောင်ကြာအင်း- မုဒုံလမ်းပိုင်း၊ ထီဖိုးစံ-နဘူး-ထီလုံ-ဖားအံလမ်းပိုင်းရှိ ကျေးရွာချင်းဆက် လမ်းများမှ မြန်မာပြည်တွင်းလိုင်စင်မဲ့ကားအမျိုးမျိုး ပို့ဆောင်ပေးနေသည့် အခြေအနေကို ကော့ကရိတ် ဒေသခံတစ်ဦးက ယခုလို ပြောပြသည်။

“ကော့ကရိတ်က တောင်ကြာအင်းဘက်ဆိုရင် မော်လမြိုင်ဘက် ကားဆင်းတာ၊ ထီဖိုးစံဘက်ဆိုရင် ဖားအံဘက်ကားဆင်းတာ အဲ့လမ်းကြောင်းတွေက တိုက်ပွဲပဲဖြစ်ဖြစ်၊ လမ်းတွေပဲဖျက်ထားဖျက်ထား သွားလို့ရတယ်။ အရပ်သားကားတို့ဆိုင်ကယ်တို့ဆိုရင်တော့ စစ်တယ်၊ ဖမ်းတယ်၊ ရဲစခန်းခေါ်ပြီး ငွေညှစ် တယ်၊ လိုင်စင်မဲ့ကားလမ်းကြောင်းကတော့ သူ့ဟာသူ စစ်ဆေးရေးဂိတ်တွေနဲ့ ချိတ်ဆက်ထားပြီး ဂိတ်ကြေးရှင်းပြီး သယ်ကြမောင်းကြတာဆိုတော့ သွားလို့ရနေတယ် ”ဟု ၎င်းဒေသခံက ပြောသည်။

ထိုသို့ ဖြတ်သန်းသွားလာရာတွင် တစ်ဂိတ်ကို ကျပ်တစ်သောင်းပေးဆောင်ရပြီး ၁၀ ဂိတ်ခန့် ဖြတ်သွားရသည်ဟု အဆိုပါ ကော့ကရိတ်ဒေသခံက ဖြည့်စွက်ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်မှတဆင့် တင်သွင်းလာသည့် လိုင်စင်မဲ့ကားစျေးကွက်မှာ အရောင်း အဝယ်ကောင်း နေပြီး ကားပို့သူများက မြဝတီမှရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ်နှင့် နေပြည်တော်အထိ ပို့ဆောင်ခ တစ်စီးလျှင် ကားအမျိုးအစားနှင့် ထုတ်လုပ်သည့် ခုနှစ်ပေါ်မူတည်၍ ဆယ်သိန်းမှ သိန်းနှစ်ဆယ်အထိ ပေါက်စျေးရှိကြောင်း လိုင်စင်မဲ့ ကားဝယ်ရောင်းပို့ဆောင်သူများ ပြောစကားအရ သိရသည်။

လတ်တလောတွင်မူ မြဝတီ ၊ ကော့ကရိတ်၊ ကြာအင်ဆိပ်ကြီး၊ ဘုရားသုံးဆူ ဒေသဘက်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ နေ့စဥ် လိုလို တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ ထို့ကြောင့် တိုက်ပွဲအခြေအနေ၊ စစ်ကြောင်း အခြေအနေကို ကြည့်ပြီးမှ သွားလာ၍ ရနေသည့် အခြေအနေဖြစ်နေသည့်အတွက် ဒေသတွင်းစစ်ဘေးရှောင်များ လူမှုစီးပွားဘဝများ ပိုမိုခက်ခဲလာနေကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တယ်၊ လက်နက်ကြီးပစ်ထုတ်တယ်။ နေမရတော့ ဟိုရွာရှောင်လိုက် ဒီရွာ ရှောင်လိုက် နေနေရတာ မလွယ်ဘူး။ အိမ်တွေခြံတွေလည်း ပစ်မထားရဲတော့ မိသားစုလူကြီးတွေရွာမှာ ပြန်ကြည့် ရင်း နေနေကြရတာမျိုး၊ စားစရာကလည်း မြို့တက်ဝယ်ဖို့ စျေးတွေကကြီး၊ များများလည်းဝယ်လို့ သယ်လို့မရ၊ စစ်တပ်ဂိတ်၊ BGF ဂိတ်က စစ်ရင်သူတို့လိုချင်တာဆို ယူထားတောင်းထားလိုက်တော့ ပေးရတာလည်း ရှိတယ်။ ”ဟု တောင်ကြာအင်း ဖားကျကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးအပတ်နှင့် ယခုဩဂုတ်လဆန်းရက်အတွင်း မုတ်သုန်မိုးရက်ဆက်ရွာသွန်း နေသောကြောင့် မြဝတီသောင်ရင်းမြစ်၊ ကျုံဒိုးဂျိုင်းမြစ်၊ ကော့ကရိတ်ဟောင်သရောမြစ်၊ ဖားအံမြို့ သံလွင်မြစ်၊ လှိုင်းဘွဲမြို့ လှိုင်းဘွဲချောင်းများ ဒေါနတောင် မိုးရေစီးဆင်းသည့်အတွက် ကျေးရွာနှင့် မြို့ရပ် ကွက်မြေနိမ့်ပိုင်းများ ရေကြီးရေလွှမ်းမိုးမှုများဖြစ်ပေါ်နေကြောင်း သိရသည်။