Home ဆောင်းပါး မွေးရပ်မြေစွန့်ခွာပြီး ရုန်းကန်ရှင်သန်နေရတဲ့ လူငယ့်ဘ၀များ

မွေးရပ်မြေစွန့်ခွာပြီး ရုန်းကန်ရှင်သန်နေရတဲ့ လူငယ့်ဘ၀များ

976

မွေးရပ်မြေစွန့်ခွာပြီး ရုန်းကန်ရှင်သန်နေရတဲ့ လူငယ့်ဘ၀များ

ဇူလိုင် ၃၁ရက်၊ ၂၀၂၃ခုနှစ်။

နန်းဝေဖြိုးဇာ

“ဝါဆို၊ ဝါခေါင်ရောက်ရင် အခုလိုအချိန်မျိုးမှာ ရွာဦးဘုန်းကြီးကျောင်းမှာ လူငယ်တွေအပြည့်ပဲ။ အဲဒီလိုအချိန်ဆိုရင် မြို့မှာ တက္ကသိုလ်တက်တဲ့လူငယ်တွေ ရွာပြန်လာပြီး ရွာမှာအရမ်းစည်ကားတယ်။ ပျော်စရာကြီး။ အခုတော့ တိတ်ဆိတ်သွားပါပြီး” ဆိုပြီး ပြောလာသူက ကျေးရွာလူငယ် အမျိုးသမီးခေါင်းဆောင် နန်းဖော့ထိုင်(အမည်လွှဲ)ပဲ ဖြစ်ပါတယ်။

နန်းဖော့ထိုင်ဟာ သူနေထိုင်တဲ့ ကော့ကရိတ်မြို့နယ်က ရွာမှာဆိုရင် ကျေးရွာရဲ့ အပျိုလူပျို ခေါင်းဆောင် တစ်ဦးဖြစ်သလို ဖားအံတက္ကသိုလ်မှာ ပထဝီမေဂျာ တတိယနှစ်ကျောင်းသူတစ်ဦးလည်းဖြစ်ပြီး လူငယ်သဘာ ဝအရ ရွာမှာ အရင်က ပျော်ရွှင်ခဲ့ရတဲ့အချိန် အခိုက်အတန့်ကို တမ်းတမ်းတတ ပြန်ပြောင်းပြောပြနေပါတယ်။

အခုတော့ သူမဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပညာရေးစနစ်လက်အောက်မှာ ကျောင်းဆက်မတက်ချင်တော့တာ ကြောင့် ၂၀၂၂ခုနှစ်ကတည်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က စားသောက်ဆိုင်တစ်ခုမှာ သွားရောက်အလုပ်လုပ်တာပါ။

စစ်တပ်အာဏာမသိမ်းခင်နှစ်တွေတုန်းကဆိုရင် နန်းဖော့ထိုင်တို့ ရွာမှာရှိတဲ့ လူငယ်အများစုဟာ တက္ကသိုလ်ကျောင်း တက်ဖို့၊ အစိုးရဝန်ထမ်းလုပ်ဖို့၊ INGO (အစိုးရမဟုတ်သော အဖွဲ့အစည်း)အဖွဲ့တွေမှာ အလုပ်လုပ်ဖို့နဲ့ လူထုအကျိုးပြုတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေမှာ ဝင်ရောက်အလုပ်လုပ်ဖို့ အများစုက စိတ်အားထက်သန်ခဲ့ကြပါတယ်။

သူမရဲ့ရွာမှာ အထက်တန်းကျောင်းရှိတော့ ကျောင်းသားလူငယ် တော်တော်များများက တက္ကသိုလ်ဝင် တန်းလို့ခေါ်တဲ့ ဆယ်တန်း(ဒဿမတန်း)ပညာကို အောင်မြင်ဖို့ ကိုယ်စီကြိုးစားခဲ့ကြပါတယ်။ ရွာမှာလည်း ဆယ်တန်းအောင်တဲ့သူ တဖြည်းဖြည်းများလာပြီး တက္ကသိုလ်တက်တဲ့လူတွေများတာကြောင့် ရွာက ကျောင်းသားမိဘတွေကလည်း သူတို့ရဲ့ သားသမီးတွေကို တစ်မိသားစုမှာ တစ်ယောက်နှုန်းလောက်တော့ တက္ကသိုလ်တက်ခွင့်ရဖို့ ကြိုးစားကျောင်းထားပေးနေ ကြတာပါ။

ဒါပေမယ့်လည်း မထင်မှတ်ဘဲ ၂၀၂၁ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ သားသမီးပညာရေးကို ဦးစားပေးခဲ့တဲ့ သူတို့ရွာလေးဟာ အခုဆိုရင် စစ်အာဏာရှင်လက်အောက်မှာ ဆက်လက် ပညာမသင်ချင် တော့တာကြောင့် လူငယ်တော်တော်များများဟာ ကျောင်းတက်တာကို နားလိုက်ကြပါတယ်။

အဲဒီလူငယ်တွေထဲမှာ တချို့က လက်နက်ကိုင်ပြီး စစ်ကောင်စီကို ပြန်တော်လှန်တိုက်ခိုက်တဲ့သူတွေရှိသလို အများစုကတော့ မိသားစု စားဝတ်နေရေးအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ သွားရောက်ပြီး အလုပ်လုပ် ကိုင်နေကြပါတယ်။

ရွာအထက်တန်းကျောင်းမှာ ယခင်က အဖြူအစိမ်းကျောင်းဝတ်စုံဝတ်ပြီး ပြေးလွှားနေတဲ့ ကလေးတွေ၊ ကျောင်း ထဲက စာဖတ်သံတွေ၊ မနက်ညနေ ကျောင်းတက်ကျောင်းဆင်းချိန်ဆိုရင် စာသင်ကျောင်းရှေ့လမ်းမကြီးမှာ ဆိုင်ကယ်တွေနဲ့ ကျောင်းကြိုကျောင်းပို့တဲ့ ကျောင်းသားမိဘတွေ သွားလာမှု မရှိတော့သလို အခုဆိုရင် နန်းဖော့ထိုင်တို့ရွာက အထက်တန်းကျောင်းဝင်းတစ်ခုလုံးဟာ ခြုံတွေမြက်တွေ ထူထပ်သွားပြီး ကျောင်းသူကျောင်းသားတွေရဲ့ စာအံသံတွေလည်း လုံးဝ ဆိတ်သုဉ်းသွားခဲ့ပါတယ်။

အခုဆိုရင် ရွာမှာလုပ်တဲ့ အလှူပွဲတွေမှာဖြစ်ဖြစ်၊ စုပေါင်းလုပ်အားပေးတွေဖြစ်ဖြစ် အရပ်ခေါ်တဲ့ ကျေးရွာ ကာလသမီး ကာလသား(လူငယ်အပျိုလူပျို)တွေ မရှိသလောက်ရှားပါးလာပြီး လူငယ်တွေနေရာမှာ အသက် ၄၀ ကျော် နဲ့ ၅၀ ကျော် လူလတ်ပိုင်းတွေကသာ အလှူပွဲတွေမှာ ဧည့်ခံကျွေးမွေးတာတွေ လုပ်နေကြရပါတယ်။

ဒီလို ရင်ဆိုင်နေရတဲ့အခြေအနေက နန်းဖော့ထိုင်ရွာ တစ်ရွာတည်းတော့ မကပါဘူး။ ကရင်ပြည်နယ်မှာရှိတဲ့ ကျေးရွာအများအပြားက လူငယ်ထက်ဝက်ကျော်ဟာ ရွာမှာမနေကြတော့ဘဲ နေရပ်ကိုစွန့်ခွာပြီး စားဝတ်နေရေးအတွက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအထဲမှာ ကျောင်းဆရာ၊ ဆရာမ၊ သူနာပြု၊ အစိုးရဌာနဆိုင်ရာဝန်ထမ်း၊ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေဟာလည်း သူတို့အလုပ်ကနေ အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDMမှာ ပါဝင်ပြီးနောက် ရွာမှာလည်း ဆက်မနေချင်တော့ဘဲ အလုပ်အကိုင်အတွက် ရေကြည်ရာ မြက်နုရာရှာဖွေနေကြတာ အများအပြားရှိပါတယ်။

မူလတန်းပြ CDM ကျောင်းဆရာမတစ်ဦးဖြစ်တဲ့ နန်းအေးအေးချစ်ကတော့ “စစ်အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်ချင်လို့ ထွက်လိုက်ရတာ။ ဒါပေမယ့် အရင်က ကိုယ့်အလုပ်ကိုတော့ ချစ်တယ်။ ပြန်လုပ်ချင် သေးတယ်။ ဝန်ထမ်းလုပ်တုန်းကတော့ ဂုဏ်သိက္ခာရှိရှိ လုပ်ရတယ်။ အခု သူများနိုင်ငံမှာတော့ မျက်နှာငယ်နဲ့ လာလုပ်ရတော့ သိပ်တော့ အဆင်မပြေဘူး။ စစ်အာဏာရှင်လက်အောက်မှာလည်း တာဝန် ပြန်မထမ်းဆောင်ချင်ပါဘူး။”လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ ထိုင်းနိုင်ငံထဲကို သွားရောက်အလုပ်လုပ်နေတဲ့ လူငယ်တွေ အတော်များများဟာ တရားမဝင်လမ်းကြောင်းနဲ့ သွားခဲ့ကြသလို CDM လုပ်တဲ့ ဌာနဆိုင်ရာ အစိုးရဝန်ထမ်း တွေဟာလည်း နိုင်ငံ ခြားကို သွားရောက်အလုပ်လုပ်ကိုင်ဖို့က တရားဝင်လမ်းကြောင်းနဲ့ဆို ခက်ခဲတာကြောင့် အများစုဟာ တရားမဝင်လမ်း ကြောင်းနဲ့ပဲ သွားခဲ့ကြရတာပါ။

ဒါကြောင့် လူငယ်အများစုကတော့ တရားမဝင်လမ်းကြောင်းနဲ့ တစ်ဖက်နိုင်ငံထဲကို ဝင်နေရပြီး ခိုးဝင်လမ်းကြောင်းနဲ့ သွားရတာကြောင့် လမ်းမှာ ထိုင်းရဲတွေရဲ့ ဖမ်းဆီးမှုခံရတဲ့လူတွေရှိသလို ထိုင်းအာဏာပိုင်တွေ လိုက်ဖမ်းနေတဲ့အချိန်မှာ ပို့ဆောင်ပေးနေတဲ့ ကယ်ရီ(ကားသမား)တွေက အဖမ်းခံရမှာစိုးလို့ ကားမောင်းပြေးပြီး ကားတိမ်းမှောက်တဲ့အတွက် မကြာခဏ သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်း သတင်းတွေမှာ တွေ့ရပါတယ်။

၂၀၂၂ခုနှစ်တုန်းကလည်း ဘန်ကောက်မြို့မှာ အလုပ်သွားလုပ်ဖို့ဆိုပြီး ခိုးလမ်းလို့ခေါ်တဲ့ တရား မဝင်လမ်းကြောင်းနဲ့ သွားတဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က CDM သူနာပြုဆရာမတစ်ဦးလည်း ကားမှောက်ပြီး သေဆုံးသွား ခဲ့ရတဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။

ယခုလ ဇူလိုင် ၁၄ရက်နေ့တုန်းကလည်း ထိုင်းနိုင်ငံထဲကို သွားရောက်အလုပ်လုပ်ဖို့ အမျိုးသမီးငယ် အပါအဝင် လူငယ်လူရွယ် ၁၉ဦးခန့် လိုက်ပါတဲ့ ကား ၂စီးနဲ့ နယ်စပ်ကိုတက်လာတဲ့အခါ ကြာအင်းဆိပ်ကြီးမြို့နယ် ပူလိန်ရွာအနီး ရောက်တဲ့အချိန်မှာ စစ်ကောင်စီဘက်က ပစ်ခတ်သဖြင့် ၂ဦး ပွဲချင်းပြီး သေဆုံးရသလို ကျန်တဲ့ လူတွေကိုလည်း စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။

ခုလို စီးပွားရေး အဆင်မပြေတဲ့အချိန်မှာ တချို့ကတော့ ရှိထားတဲ့ ရွှေ၊ ငွေတွေ ထုခွဲရောင်းချပြီး အိမ်နီးချင်းနိုင်ငံကို လမ်းစရိတ်အဖြစ်လုပ်ရင်း ထွက်သွားတဲ့သူတွေရှိသလို တချို့ကတော့ ပိုက်ဆံချေးငှားပြီးတော့ သွားကြရတာတွေ လည်း ရှိနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးချိန်၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ခုနှစ်မှာ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်တဲ့သူ အဆမ တန်များ သွားတာကြောင့် တရားမဝင်လမ်းကြောင်းနဲ့ သွားတဲ့သူတစ်ဦးကို ထိုင်းဘတ်ငွေ သုံးသောင်း၊ မြန်မာ ကျပ်ငွေ သိန်းနှစ်ဆယ်ကျော်အထိ ပို့ဆောင်ပေးနေတဲ့ ကားသမားတွေက တောင်းယူခဲ့ကြပါတယ်။

အခု ၂၀၂၃ ခုနှစ်ရောက်တဲ့အချိန်မှာ လမ်းစရိတ်အနည်းငယ် စျေးကျလာပြီး တစ်ဦးကို ထိုင်းဘတ်ငွေ တစ်သောင်း ကျော်၊ နှစ်သောင်းလောက်သာ ပေးရတော့တယ်လို့ ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ဖို့ လိုက်ချိတ်ဆက်ပေးနေတဲ့ ပွဲစားတွေက ပြောပါတယ်။

အခုဆိုရင် ကျေးလက်ဒေသတွေမှာ လူငယ်တွေ မရှိတော့သလောက် နည်းပါးလာသလို ပြည်နယ်ထဲက ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ သံတောင်နဲ့ ဖာပွန်မြို့နယ်တွေမှာ ကရင်အမျိုး သားလွတ် မြောက်ရေးတပ်မတော်-KNLA နဲ့ အခြားပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲပြင်း ထန်နေတာကြောင့် အရပ်သားပြည်သူအများစုဟာ စစ်ဘေးရှောင်နေကြရပါတယ်။

“ရွာတွေမှာ သက်ကြီးရွယ်အိုတွေ၊ ကျောင်းသားလူငယ်ကလေးတွေ၊ ပြီးတော့ အမျိုးသမီးတွေများတယ်။ လူငယ်တွေက သိပ်မရှိဘူး။ ထိုင်းတို့၊ မလေးတို့ သွားကြကုန်ပြီး။ စစ်ရှောင်ရတာတွေလည်း သက်ကြီးရွယ်အိုနဲ့ ကလေးတွေ အများဆုံးပါပဲ။”လို့ ကြာအင်းဆိပ်ကြီးမြို့နယ်က ကရင်လူငယ် စောအဲထွန့်က ပြောပါတယ်။

ဒါ့အပြင် ဒေသအတွင်းမှာကျန်ရှိတဲ့ လူငယ်အများစုဟာလည်း အရင်လို လွတ်လွတ်လပ်လပ် သွားလာလို့ မရတော့သလို စစ်ကောင်စီကလည်း လူငယ်တွေကိုပဲ အဓိက ပစ်မှတ်ထား စစ်ဆေးနေတာကြောင့် လူငယ်တွေအတွက် အကြပ်ရိုက်စေပါတယ်။

ဖားအံမြို့က လူငယ်စင်တာတစ်ခုမှာ လူငယ်အရေးလုပ်ဆောင်နေတဲ့ နန်းစန္ဒီ(အမည်လွဲ)က “မြို့ထဲမှာတော့ လူငယ်တွေက ကြည့်လိုက်ရင်များတယ်။ ဒါပေမယ့် အရင်လိုမျိုးတော့ လူငယ်တွေကို စွမ်းရည်မြှင့် သင်တန်းပေးတာတို့ မရှိသ လောက်တော့ရှားပါတယ်။ ပြီးတော့ လူငယ်နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေက မရှိသလောက် ရှားပါတယ်။ အရင်လို လူငယ်တွေ့ဆုံပွဲတွေလည်း မလုပ်ရဲဘူး။”လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ စစ်ကောင်စီလက်ထက်မှာ ငွေကြေးတန်ဖိုး အဆမတန်ကျဆင်းလာနေပြီး လခစားအလုပ်တွေ၊ ပုဂ္ဂလိကဝန်ထမ်းအလုပ်တွေကို ပေးတဲ့လစာတွေက အရင်ပုံမှန်အတိုင်း ပေးနေပေမယ့်လည်း တစ်ဖက်က ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာတာကလည်း မိသားစုစားဝတ်နေရေးအတွက် လူငယ်တွေဟာ ပြည်ပ ထွက်ခွာပြီး အလုပ်ထွက်လုပ်ဖို့ တွန်းအားပေးမှုတစ်ခုလိုဖြစ်နေတာပါ။

ဒါ့အပြင် စစ်အာဏာရှင်လက်အောက်က ပညာရေးဝန်ထမ်းလစာကလည်း အခုချိန်မှာ မူလတန်းပြကို ၁၈၀,၀၀၀ကျပ်၊ အလယ်တန်းပြ ၁၉၈,၀၀၀ကျပ်နဲ့ အထက်တန်းပြ ၂၀၂,၀၀၀ကျပ်သာရရှိနေပြီး ထိုင်းဘတ်ငွေ ပေါက်စျေးနဲ့ ပြန်တွက်လိုက်ရင် အထက်တန်းပြဆရာ၊ဆရာမရဲ့လစာနှုန်းဟာ ထိုင်းဘတ်ငွေ ၂၅၀၀ ဝန်းကျင် လောက်သာ ရရှိနေကြပါတယ်။

ငွေကြေးတန်ဖိုးနဲ့ ပြန်တွက်လိုက်ရင် အစိုးရဝန်ထမ်းလစာဟာ အင်မတန်နည်းတာကြောင့် စစ်ကောင်စီ လက်အောက် မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေဟာ စားဝတ်နေရေး အခက်အခဲရှိလာတော့ ဝန်ထမ်းအချို့ အလုပ်ထွက်ပြီး ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်နေရတာတွေ ရှိလာနေပါတယ်။

“ရတဲ့လခနဲ့က ဘယ်လိုလုပ်အဆင်ပြေမလဲ။ တချို့တော့ထွက်ပြီး ထိုင်းမှာ အလုပ်သွားလုပ်တယ်။ ထိုင်းမှာက လစာ တစ်လကို ဘတ်တစ်သောင်းလောက်ရတဲ့အချိန်မှာ မြန်မာပြည်က ဝန်ထမ်းလစာက ထိုင်းဘတ်ငွေနဲ့ တွက်ရင် တစ်ထောင်ကျော် နှစ်ထောင်ကျော်ပဲရတော့ အဆင်မပြေဘူး။”လို့ ဖားအံမြို့နယ်က Non-CDM ကျောင်း ဆရာမ ဒေါ်မျိုးမျိုး(နာမည်လွှဲ)က လတ်တလော အစိုးရဝန်ထမ်းတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေကို ပြောပြပါတယ်။

ဘဝရဲ့ ပျော်ရွှင်စရာ လူငယ်အရွယ်မှာ ပြည်နယ်ထဲက လူငယ်အများစုက ဘောလ်ပင်၊ ကွန်ပျူတာအစား သေနတ်တွေကို ပြောင်းလဲကိုင်ဆောင်နေကြရသလို တစ်ဖက်နိုင်ငံမှာ အောက်ခြေအလုပ်တွေ သွားရောက် အလုပ်လုပ်နေရတာကြောင့် လူငယ့်ဘဝတွေ ဆုံးရှုံးနေရတယ်လို့ ဘန်ကောက်မှာ အလုပ်လုပ်နေတဲ့ တက္ကသိုလ်ကျောင်းသူ နန်းဖော့ထိုင်က ဖွင့်ဟပြောပါတယ်။

“ဖြစ်နိုင်ရင်တော့ ဘွဲ့ရတဲ့အထိ လွတ်လွတ်လပ်လပ် ကျောင်းတက်ချင်ပါသေးတယ်။ အာဏာရှင်စနစ် မကျ ဆုံးမချင်းသူတို့လက်အောက်မှာတော့ကျောင်းပြန်မတက်ချင်ပါဘူး။ သူများနိုင်ငံမှာလည်း ဘယ်အချိန်ထိ အလုပ်လုပ်ရအုံးမလဲ မသိဘူး။”ဆိုပြီး နန်းဖော့ထိုင်က ပြောပါတယ်။