Home သတင်း စစ်ဘေးရှောင်နေရသူများ အိမ်ငှားခဈေးကြီးလာ၍ နေစရာရှားပါးမှု အခက်အခဲများ ကြုံတွေ့နေ

စစ်ဘေးရှောင်နေရသူများ အိမ်ငှားခဈေးကြီးလာ၍ နေစရာရှားပါးမှု အခက်အခဲများ ကြုံတွေ့နေ

697
Photo: Crd.

ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ ညောင်လေးပင်နှင့် တောင်ငူခရိုင်အတွင်း နယ်မြေမတည်ငြိမ်မှု များကြောင့် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ဘေးလွတ်ရာ နေရာများသို့ ရှောင်တိမ်းနေထိုင်ရသူများ အိမ်ငှား ရမ်းခဈေးနှုန်းကြီး၍ နေစရာရှားပါးမှုများတွေ့ကြုံနေရကြောင်း စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရ သည်။

အာဏာသိမ်းစစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်စဉ်ကြောင့် သံတောင်ကြီးမြို့နယ်နှင့် ကျောက်ကြီး၊ ရွှေကျင်မြို့နယ်များရှိ ဒေသခံများသည် လတ်တလော ဘေးကင်းရာနေရာဖြစ်သည့် တောင်ငူမြို့အပိုင် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းသို့ ထွက်ပြေးတိမ်း ရှောင်ကြရာတွင် လူနေထူထပ်ပြီး နေစရာအိမ် ရှားပါးခြင်း၊ အိမ်ငှားခဈေးနှုန်းများ ကြီးမြင့်ခြင်းတို့ တွေ့ကြုံနေရသည်ဟု စစ်ရှောင်များကို အကူအညီပေးသည့် ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “စစ်ဖြစ်တော့ တော်တော်များများက တောင်ငူဘက်က အမျိုးအဆွေတွေဆီပြန်နေကြတယ်။ အလ ကားပေးနေတဲ့အိမ်ဆိုတာလည်း အကုန်လူပြည့်ကုန်တော့ အချို့ကအိမ်တွေပြန်ငှားလာကြတယ်။ နေစရာ မရှိလို့ငှားတဲ့သူများတော့ ဈေးကပါလိုက်တက်လာတာပေါ့၊ တချို့တန်းလျားလေးတွေဆို ဈေးက သောင်း ဂဏန်းပဲဆိုပေမယ့် အိမ်ကြီးတွေကျတော့ ၂ သိန်း ၃ သိန်းဖြစ်လာတယ်” ဟု ပြောသည်။

တောင်ငူဘက်သို့ ရှောင်တိမ်းလာသော စစ်ဘေးရှောင်အများစုသည် ဘုရားရှိခိုးကျောင်းများနှင့် ဆွေမျိုးနီး စပ်သည့်နေရာများတွင် ခိုလှုံနေထိုင်ကြသလို လတ်တလောတွင် လူနေထူထပ်လာ၍ ငွေကြေး တတ်နိုင်သဖြင့် အိမ်ငှားနေလိုသည့် အချို့သောစစ်ဘေးရှောင်များအတွက်လည်း နေစရာအိမ်ရှာ ဖွေရအခက် အခဲများရှိနေကြောင်း ထိုစစ်ရှောင်ကူညီရေးလုပ်ဆောင်သည့် ဒေသခံက ဆက်လက်ပြောဆိုသည်။

“အိမ်ငှားခတွေဈေးကြီးလို့ ဈေးနည်းနည်းသက်သာတဲ့ဟာ လိုက်ရှာတာရှာမတွေ့တာနဲ့ လောလောဆယ် အမျိုးအိမ်မှာ ခဏကပ်နေရတယ်” ဟု ယာဒိုဘက်မှ စစ်ဘေးတိမ်းရှောင်လာသူတစ်ဦးကလည်း ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၂)နယ်မြေ၊ တောင်ငူခရိုင်အတွင်းရှိ သံတောင်ကြီးမြို့မြောက်ပိုင်း ယာဒိုကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ(၁၁)ရက်နေ့က နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား ပြီးနောက် စစ်ကောင်စီမှလေကြောင်းသုံးတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သဖြင့် အဆောက် အဦး များစွာ ထိခိုက်ပျက်စီး၍ ဒေသခံပြည်သူနှစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

အလားတူ ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်တွင်လည်း ပြီးခဲ့သည့် အပတ်အတွင်း တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီက ကျေးရွာများအတွင်းသို့ ဝင်ရောက်၍ ဒေသခံရွာသားများအပေါ် အကြမ်း ဖက်နှိပ်စက်မှုများ၊ ကျေးရွာအတွင်းလက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သောကြောင့် ရွာပေါင်း (၄၁) ရွာမှ ဒေသခံ ၈၀၀၀ခန့်သည် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကေအဲန်ယူ၏ ဇူလိုင်လ(၂၈)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။