Home သတင်း ယာဒိုတွင် လေကြောင်းတိုက်ခိုက်ခံရမှု (၃၃) ကြိမ်အထိရှိလာကြောင်း ကေအဲန်ယူ ထုတ်ပြန်

ယာဒိုတွင် လေကြောင်းတိုက်ခိုက်ခံရမှု (၃၃) ကြိမ်အထိရှိလာကြောင်း ကေအဲန်ယူ ထုတ်ပြန်

773
Photo: Crd.

ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့မြောက်ပိုင်းရှိ ယာဒိုဒေသအတွင်း ပြီးခဲ့သည့် ဇူလိုင်လ(၁၁)ရက်နေ့မှစ၍ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီက ယာဒိုနှင့် အနီးအနားရှိကျေးရွာများသို့ လေကြောင်းတိုက်ခိုက်မှု (၃၃)ကြိမ်အထိ လုပ်ဆောင်ခဲ့ကြောင်း ကေအဲန်ယူ၏ ယမန်နေ့(ဇူလိုင်လ ၃၀ရက်) ရုပ်သံသတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ဇူလိုင်လ(၁၂)ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်၊ (၁၈) ရက်နေ့တွင် ခုနှစ်ကြိမ်၊ (၂၂)ရက်နေ့တွင် ဆယ့်သုံးကြိမ်၊ (၂၃)ရက်နေ့တွင် ဆယ့်တစ်ကြိမ်ဖြင့် စုစုပေါင်းအကြိမ်ရေ (၃၃)ကြိမ်အထိ လုပ်ဆောင်ခဲ့သောကြောင့် ယာဒိုကျေးရွာနှင့် အနီးအနား ကျေးရွာများမှ ဘာသာရေးအဆောက်အဦးများအပါအဝင် အရပ်သားနေထိုင်ရာအိုးအိမ်များ ကြေမွ ပျက်စီးခဲ့ရသည်ဟု ကေအဲန်ယူ၏ အဆိုပါထုတ်ပြန်ချက်တွင် ဆိုထားသည်။

ဆက်လက်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ကိုယ်ဝန် ဆောင်မိခင်နှင့်နို့တိုက်မိခင်များ၊ ကလေးသူငယ်များအပါအဝင် ဒေသခံလူထု နှစ်ထောင်ကျော်သည် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်အမိုးအကာ အကူအညီများ ရရှိရန် လိုအပ်ချက်ရှိနေကြောင်း ထိုထုတ်ပြန်ချက်နှင့် ဒေသခံ လူမှုကူညီရေးအဖွဲ့များ၏ ပြောဆိုမှုအရ သိရသည်။

စစ်ရှောင်ကူညီရေး လုပ်ဆောင်နေသူတစ်ဦးက “ဒီရက်ပိုင်း စစ်တပ်က ယာဒို၊ တပ်ကုန်းတို့ဘက်က လူမရှိတဲ့စစ်ရှောင်တွေအိမ်ထဲဝင်နေတယ်။ အိမ်ထဲမှာကျန်ခဲ့တဲ့ပစ္စည်းတွေကတော့ ကုန်ပြီးပေါ့၊ သူတို့က ကေအဲန်ယူဘက်က တက်လာမယ့်အဖွဲ့တွေကို အကာအကွယ်လုပ်ဖို့ အိမ်တွေကို ကာဗာယူထားတာ ထင်တယ်။ အိမ်တွေက လမ်းဘေးတွေမှာပဲရှိတော့လေ” ဟု ယာဒိုဒေသအခြေအနေနှင့်ပတ်သက်၍ ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ထိုဒေသအတွင်း တိုက်ပွဲဖြစ်ပွားမည့်နေရာများသို့ အချိန်မရွေးစစ်ကူပေးနိုင်ရန် ဗဟုန်းရွာ စစ်ကောင်စီတပ်စခန်းတွင် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြကြောင်း ဒေသခံတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ကေအဲန်ယူ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် တပ်မဟာ(၂) နယ်မြေ တောင်ငူခရိုင်အတွင်း ယခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ပထမနှစ်ဝက်ကာလအတွင်း စစ်ကောင်စီနှင့်ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲကြီးငယ်ပေါင်း သုံးရာကျော်ဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်မှ တပ်ရင်းမှူး(၃)ဦး၊ ဒု-တပ်ရင်း မှူး(၂)ဦးနှင့်တပ်ခွဲမှူး(၁)ဦးအပါအဝင် စုစုပေါင်း ၄၀၀ကျော်သေဆုံး၍ ၂၀၀ နီးပါး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ထည့်သွင်းထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ(၂၈)ရက်နေ့ကလည်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး ထိုလွီဝါးကော်သူး လေအထက် အတန်းကျောင်းရှိရာနေရာအနီးရှိ ကျေးရွာများသို့ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် ကျေးရွာ(၄)ရွာရှိ ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသေးသည်။