ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ဇူလိုင်လ (၁၉) ရက် မှ ယခုရက်ပိုင်းအထိ မိုးရွာသွန်းမှုများပြီး တောင်ကျရေများပြားလာသဖြင့် အချို့ သော စပါးခင်းများ ရေနစ်မြှုပ်ပျက်စီးမှု ရှိလာသောကြောင့် ပျိုးပင်များဆက်လက် ပျက်စီးဆုံးရှုံးမည့်အရေး စိုးရိမ်နေရကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။
ပိုင်ကျုံမြို့နယ် တာကရား၊ ပတကျေး၊ လှကမန်း အစရှိသော ကျေးရွာအုပ်စုရှိ ကျေး ရွာများတွင် ထိုရက်ပိုင်းက မိုးများပြီး စိုက်ပျိုးရေးလုပ်ကိုင်နေသော လယ် ဧကများ အတွင်း ရေကြီးလာသောကြောင့် စပါးစိုက်ပျိုးမှုခေတ္တခဏ ရပ်ဆိုင်းထားရသလို ပျိုးထားပြီးသော အချို့စပါးပင်များပျက်စီးမှုရှိလာသဖြင့် ဆက်လက်ပျက်စီး ဆုံးရှုံးမည်ကို စိုးရိမ်နေရသည်ဟု စပါးစိုက်လုပ်ငန်းလုပ်ကိုင်သော တောင်သူလယ်သမားများက ပြောသည်။
ဒေသခံ လယ်စိုက်တောင်သူတစ်ဦးက “ကျနော့်လယ်ဆိုရင် ၂ ဧက လောက် စိုက်ပျိုးပြီးပြီ။ စိုက်ပြီးတော့မှ ရေကကြီးလာတာ၊ စပါးပင်တွေမြှုပ် ကုန်တယ်။ သူတို့ ပျက်စီးမလား ရေကျသွားမလားစောင့်ကြည့်နေရတယ်။ တခြား ရေပြောင်းရေလွှဲ တာလည်း လုပ်လို့မရဘူး။ အကုန်ရေပြည့်နေတယ်” ဟု ဆိုသည်။
ပိုင်ကျုံမြို့နယ်တွင် လယ်ယာစိုက်ပျိုးမှုကို ၇၅ ရာခိုင်နှုန်းခန့် လုပ်ကိုင်နေကြပြီး ယခုနှစ် အခါလွန်မိုးရွာသွန်းမှုကြောင့် ပျက်စီးသွားသော စပါးစိုက်လယ်ဧကမှာ ရာခိုင်နှုန်းအားဖြင့် ၂၀ ရာခိုင်နှုန်း ခန့်ရှိနေသလို ထိုပျိုးပင်များ၏နေရာတွင် ပြန်လည် အစားထိုး စိုက်ပျိုးရန်လည်း အချိန်မမီတော့ဟု လယ်သမားများထံမှ သိရသည်။
“မိုးရွာတာများတော့ တောင်ကျရေ ကျတာလည်းများတယ်၊ စိုက်ထားတဲ့ပျိုးပင်တွေ ရေနစ်နေပြီး တချို့အပင်တွေဆို ဝါကုန်တယ်”ဟု လှကမန်းရွာမှ လယ်စိုက်တောင်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
အလားတူ လှိုင်းဘွဲမြို့နယ်နှင့် ဖားအံမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း ယခုမိုးရာသီကာလအတွင်း မိုးရွာသွန်းမှုများသောကြောင့် လယ်ကွင်းများ ရေကြီး ရေလျှံ၍ စပါးစိုက်ပျိုးရန် အခက်အခဲဖြစ်နေကြကြောင်း ကျေးရွာနေ တောင်သူများက ပြောဆိုကြသည်။
ပိုင်ကျုံမြို့နယ်တွင် ယခင်(၂၀၂၂)ခုနှစ်တုန်းကလည်း မိုးစပါးကာလအတွင်း အခါလွန်မိုး ရွာသွန်းသောကြောင့် စပါးများပျက်စီးခြင်း၊ အညှောင့်ထွက်ခြင်းများ ရှိခဲ့ပြီး လယ်ဧကပေါင်းများစွာပျက်စီး၍ စပါးအထွက်နှုန်း သိသာစွာကျဆင်းခဲ့သည့် ဖြစ်စဥ်မျိုးလည်းရှိခဲ့ကြောင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ဒေသခံများထံမှ သိရသည်။



















