Home သတင်း ရှမ်းပြည်တွင် စစ်ကောင်စီ၏လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

ရှမ်းပြည်တွင် စစ်ကောင်စီ၏လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

798
(Photo crd- မိုင်းဉာဏ်(ကွတ်ခိုင်)

ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ (၈)ရက်မှ (၁၈) ရက်နေ့အတွင်း ကချင် လွတ်လပ်ရေးတပ်မတော်-KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် ပစ်ခတ် လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် အရပ်သား(၂)ဦးသေဆုံးပြီး (၆)ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က ယနေ့ ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် လားရှိုးအခြေစိုက် စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းအား သီန္ဒီမြို့အနီးရှိ KIA တပ်ဖွဲ့က ဇူလိုင်လ(၈)ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းသို့ စစ်မီးကူးကာ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည့် ဒေသခံနှစ်ဦးမှာ အသက်(၅၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၁၆)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲ များနှင့် ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ ၂၀၀ ကျော်သည် ခိုမုန်းရွာဘုရားကျောင်းတွင် လက်ရှိအချိန်ထိ စစ်ဘေးတိမ်းရှောင်နေထိုင်နေရဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီဒေသခံတွေကို လက်ရှိဒေသတွင်းက အဖွဲ့တွေလောက်ပဲ အကူအညီပေးနိုင်သေးတယ်။ သူတို့နေတဲ့ရွာ တွေထဲမှာလည်း စစ်တပ်က တပ်စွဲနေတော့ စစ်ရှောင်တွေအတွက် လုံခြုံရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုအများ ကြီးရှိနေတယ်” ဟု ထုတ်ပြန်ချက်ပါ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိထားသူ(၆)ဦးတွင် အသက်(၉)နှစ်အရွယ် ကလေးငယ် တစ်ဦးလည်းပါဝင်နေသလို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာများအတွင်းရှိ ဒေသခံနေ အိမ်ထိခိုက် ပျက်စီးမှုနှင့် အိမ်မွေးတိရစ္ဆာန်သေဆုံးမှုများလည်းရှိကြောင်း ထုတ်ပြန်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်တွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း အရပ်သားနေထိုင်ရာကျေးရွာများသို့စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိရာ ယခု ၂၀၂၃ခုနှစ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက်သေဆုံးရသော အရပ်သား ၅၀ဦးဝန်းကျင်အထိရှိသည်ဟု SHRF က ပြောဆိုသည်။

ထိုအထဲတွင် အမျိုးသမီးနှင့်ကလေးသူငယ်များလည်း ပါဝင်နေပြီး လက်နက်ကြီး ထိခိုက်၍ ဒဏ်ရာရရှိသူ အရပ်သားပြည်သူဦးရေသည် လက်ရှိ နှစ်ဝက်ကာလတွင် ၁၀၀ ဦးဝန်းကျင်ခန့်ရှိနေကြောင်း SHRF က စာရင်းပြုစုထားသောမှတ်တမ်းအရ သိရှိရသည်။