Home သတင်း လူမှုကူညီရေးအသင်းများအနေဖြင့် စစ်ကောင်စီကို အားပေးကူညီပါက စစ်ရေးအရအရေးယူမည်ဟု မြိတ်ပကဖ သတိပေး

လူမှုကူညီရေးအသင်းများအနေဖြင့် စစ်ကောင်စီကို အားပေးကူညီပါက စစ်ရေးအရအရေးယူမည်ဟု မြိတ်ပကဖ သတိပေး

802
Photo: Crd.

ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြိတ်မြို့နယ်ရှိ လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ငန်းစဉ်များတွင်ပူးပေါင်းပါဝင်လုပ်ဆောင်ပါက စစ်ရေးအရ ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်းယမန်နေ့(ဇူလိုင် ၂၅ရက်)က ထုတ်ပြန်ကြေညာ၍ သတိပေးထားသည်။

မြိတ်မြို့နယ်အတွင်းရှိ ချမ်းမြေ့၊ ဂရုဏာ၊ ချစ်ကြည်ရေး၊ ရွှေရောင်နေ့သစ်နှင့် ပီတိကုသိုလ်လူမှုကူညီရေးအသင်း စသည့်အဖွဲ့များအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ငန်းစဉ်များအတွင်းယာဉ်များကို အသုံးပြုပြီး ပူးပေါင်းလုပ်ဆောင်မှုများရှိနေသောကြောင့် စစ်ကောင်စီအားဆက်လက်အားပေး ကူညီမှုများမပြုလုပ်ရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) မှပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။

၎င်းက “စကစရဲ့ လက်နက်ခဲယမ်းသယ်ယူပို့ဆောင်ပေးနေတယ်။ ပြီးခဲ့တဲ့ အပတ်လောက်ကပုလောဖက်ကို လက်နက်ခဲယမ်းတင်ဆောင်ပေးနေတယ်။ သူတို့နဲ့နီးစပ်တဲ့သူတွေကသတင်းပေးပို့ထားပါတယ်။ အခုလို ထုတ်ပြန်ချက်ထုတ်တာက နောက်နောင် ဒီလိုကိစ္စမျိုးမလုပ်ဆောင်ပေးကြဖို့ သတိပေးစာ ထုတ်ရခြင်းဖြစ်ပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပြည်သူကို ကူညီပေးနေသည့် လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် ယခုလို ပြည်သူကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့်ရိက္ခာများကို သယ်ဆောင်ပေးနေသောကြောင့် မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် များစွာစိတ်မကောင်းဖြစ်ရကြောင်း ၎င်းက ဆက်ပြောသည်။

မြိတ်မြို့နယ်တွင် ပြီးခဲ့တဲ့ဇွန်လ နောက်ဆုံးအပတ်ကလည်း အာဏာသိမ်းစစ်ကောင်စီမှဝါဒဖြန့်လက်ကမ်း စာရွက်များကို လိုက်လံဖြန့်ဝေမှုများပြုလုပ်ခဲ့ပြီး အဆိုပါ စာရွက်ယူရန်ငြင်းဆန်သူများအနေဖြင့် အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခံနေရကြောင်း ဒေသခံများက ပြောဆိုကြသည်။