ဇူလိုင်လ၂၅ရက်၊၂၀၂၃ခုနှစ်၊ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့သို့သွားသည့် လမ်းမတစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်၍ ပြည်သူများကို ဖြတ်သန်းသွားလာခွင့် မပေးတော့ဘဲ ပိတ်ထားကြောင်း ဒေသခံများက ပြောသည်။
ပုလောမြို့သို့သွားသည့် လမ်းမတစ်လျှောက်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ် ၇ခုထက်မနည်းရှိပြီး ၎င်းစစ်ဆေး ရေးဂိတ်များထဲမှ မှော်ကြောင်းရွာစစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ရက်နေ့မှစတင်ကာ ယနေ့အချိန်ထိ စစ်ကောင်စီက ဒေသခံများကို ဖြတ်သန်းသွားခွင့်ပိတ်ထားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြော သည်။
၎င်းက “အဲ့ဒီဂိတ်မှာက ပြီးခဲ့တဲ့ရက်က စပြီးပိတ်ထားတာ။ လေးရက်လောက်ရှိပြီးထင်တယ်။ ပြီးတော့ ဘာမှ သယ်လို့မရဘူး။ မြို့ရဲ့တစ်နေရာရာမှာတိုက်ပွဲဖြစ်ရင်လည်း ဒီကဂိတ်တွေက ပိတ်ပိတ်တတ်တယ်။ သူတို့ သဘောပဲ လုပ်နေတာ။ ဟို့အရင်လကတည်းက ဓာတ်ဆီကို အကန့်အသတ်နဲ့ပဲဝယ်ရတယ်။ ဆီတစ်ဗူးတောင် အပိုဝယ်လို့မရဘူး။ အဲ့လိုတွေ ပိတ်ထားတော့ရွာကဆေးခန်းပြချင်တဲ့လူတွေဆိုရင် တခြားလမ်းက နေပတ် ပြီးသွားရတော့ ခရီးစရိတ်ပိုကုန်တယ်။” ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် ပုလောမြို့နယ်ရှိ တံတားဂိတ်နှင့်မြို့အဝင်စစ်ဆေးရေးဂိတ်များတွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလမှ စတင်ပြီး စစ်ကောင်စီတပ်မှ အရပ်ဝတ်များဖြင့် အသွင်ယူစစ်ဆေးမေးမြန်းမှုများကို တင်းကြပ်စွာ လုပ်ဆောင်လျက်ရှိပြီး မြို့အတွင်းတွင်လည်း ဇူလိုင်လ ပထမအပတ်မှစတင်ကာ အရပ်ဝတ်များဖြင့် လက်နက်ကိုင်ကာ ဆိုင်ကယ်စီးနင်း သူများထံမှ ငွေညှစ်တောင်းခံမှုများကို ပြုလုပ်လာကြောင်း ဒေသခံများကပြောသည်။
အမည်မဖော်လိုသူနောက်ထပ်ဒေသခံတစ်ဦးက “မြို့ထဲမှာနောက်ပိုင်းဆိုးလာတယ်။ လက်နက်ကိုင်ထားပြီး ပိုက်ဆံတောင်းတာ။ ဆိုင်ကယ်တစ်စီးကို ငါးထောင်ပေးရတယ်။ ကြာလေဆိုးလေဖြစ်နေတယ်။ ဒီလထဲမှာပဲ ကြုံရတာပေါ့။ အကုန်လုံးကိုကြောက်နေ ရတဲ့အဖြစ်ပဲ။”ဟု ကေအိုင်စီ သို့ပြောသည်။
ပုလောမြို့အဝင်စစ်ဆေးရေးဂိတ်အပြင် ပလမြို့နှင့် ပလောက် မြို့တို့တွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန် ပိုင်းကတည်းက စတင်ပြီး ကား၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့်ယာဉ်အမျိုးမျိုးတို့ကို ဓာတ်ဆီ အပိုသယ်ဆောင်ခွင့် ပိတ်ပင်ထားခဲ့သောကြောင့် ဒေသခံများအနေဖြင့် သွားလာရေး ပြဿများကို ကြုံတွေ့နေရကြောင်းလည်း ၎င်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။



















