ဇူလိုင် ၂၅ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေး မြို့နယ်(ကြာအင်း ဆိပ်ကြီးမြို့နယ်) ခလယ်တံခွန်တိုင်အုပ်စုရှိ လယ်ယာဥယျာဉ်ခြံနှင့် မွေးမြူရေး လုပ်ငန်း လုပ်ကိုင်နေသည့် ဌာနေလူထုများကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ် ဆောင်ထားပြီး ၎င်းတို့တပ်ဖွဲ့စားသောက်ရန် ရိက္ခာဆန်များဖြင့် ပြန်လည်လဲလှယ်ယူခိုင်းနေသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ခလယ်တံခွန်တိုင် ကျေးရွာအုပ်စု နောင်းဒေးရွာ အနောက်ဘက် တောင်ညိုတောင်ခြေအနီးများတွင် ၎င်းတို့ ဖမ်းဆီး ခေါ်ဆောင်ထားသည့် အရပ်သားပြည်သူများအား လူသားဒိုင်းအဖြစ် ထိန်းသိမ်းထားပြီး ရိက္ခာမလုံလောက်တော့သည့်အပေါ် ဆန်များဖြင့် ပြန်လည် လဲလှယ်ယူခိုင်း လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ဖမ်းဆီးခံရသူထဲမှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက “ စစ်ကောင်စီတွေက ရွာအနီး အနားမှာ ကပ်လာလိုက် ပြန်ပုန်းရှောင်လိုက်နဲ့ လုပ်နေတယ်။ သူတို့ရိက္ခာတွေ ပြတ်လာ တော့ ခြံသမားတွေကို ဖမ်းတယ်။ တချို့ဖမ်း ခံထိတဲ့လင်မယားတွေဆို မိန်းမကို ခေါ်ထားပြီး သူ့ယောက်ျားကိုတော့ ဆန်ပြန်ယူခိုင်းတယ်။ ဆန်ရောက်လာမှ သူ့မိန်းမကို ပြန်လွှတ်တယ်။ သူတို့ဖမ်းထားတဲ့ အရပ်သားတွေ ရှိနေသေးတယ်” ဟု ကေအိုင်စီ သို့ပြောသည်။
ခလယ်၊ ပုလိန်၊ တံခွန်တိုင်ရွာအနီး နန်းမြစိမ်းရပ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် -KNLA ပူးပေါင်းတပ်တို့အကြား နှစ်ဖက်ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သား ၁၉ ဦးခန့် လိုက်ပါစီးနင်းလာသည့် ခရီးသည် ကားတစ်စီးအား စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးရာ အရပ်သားအမျိုးသား ၂ ဦး ကျည်ထိမှန်သေဆုံးကာ အမျိုးသမီး ၄ ဦးနှင့် အခြားအရပ်သားအများအပြားလည်း ဖမ်းဆီးခံထားခဲ့ပြီး ယခုအချိန်ထိ ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ကြောင်း ထွက်ပြေး လွတ်မြောက်လာသည့် ပေါ်တာအထမ်းသမားအချို့ထံမှ သိရသည်။
စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများအား ဖမ်းဆီးထားသည့်အပြင် လူသားဒိုင်း အဖြစ် အသုံးချကာ KNU ဝင်းရေးမြို့နယ် အုပ်ချုပ်မှုနယ်မြေ တောင်ညိုတောင်ခြေနှင့် ကျေးရွာအနီးများတွင် ၎င်းတို့စစ်ကြောင်းများနှင့်အတူ ခေါ်ဆောင်ပြီး စစ်ရေးလှုပ်ရှား နေလျက်ရှိသည်။ ကျေးရွာအနီးများနှင့် တောင်ခြေများတွင် ၎င်းတို့ရှိနေသည့်အတွက် ဌာနေလူထုများ၏ ဥယျာဉ်ခြံ၊ လယ်ယာလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ စွန့်ပစ်ထားရပြီး စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။



















