ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ပေးနေသည်ဆိုသော်လည်း ပဋိပက္ခများကြောင့် နေအိမ်စွန့်ခွာထွက်ပြေးကြရသော ကရင်စစ်ဘေးရှောင်များအတွက်မူ နိုင်ငံတကာ၏ထောက်ပံ့မှုသည် လိုအပ်သ လောက်မရရှိကြောင်း ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ-CIDKP က ပြောသည်။
လူထုအခြေပြုအဖွဲ့အစည်းတစ်ခုဖြစ်သည့် CIDKP အနေဖြင့် ကရင်စစ်ဘေးရှောင်စုစု ပေါင်းဦးရေ၏ ထက်ဝက်ကျော်ခန့်ကိုသာ လက်ရှိတွင် ကူညီပေးနေနိုင်သည့်အနေ အထားဖြစ်သော်လည်း အမြဲတမ်းမဟုတ်သောကြောင့် လိုအပ်ချက်အားဖြင့်ရှိနေသေး သလို နိုင်ငံတကာက မြန်မာနိုင်ငံအတွက် ပေးလာသောအကူအညီများသည်လည်း ကရင်စစ်ဘေးရှောင်များထံ ရောက်ရှိမှုနည်းပါးကြောင်း CIDKP ၏ ဒုတာဝန်ခံ စောခဲလေက ပြောသည်။
၎င်းက “နိုင်ငံတကာက မြန်မာပြည်ကြီးအတွက် အကူအညီတွေ ဘယ်လောက်ပေး ပါတယ်ဆိုပြီး ပြောပေမယ့် ဒီအကူအညီတွေက ကျနော်တို့ဆီကို မရောက်တာရှိတယ်။ မြန်မာပြည်မြောက်ပိုင်းကိုသွားတာတော့ ရှိမှာပေါ့၊ ဒါပေမယ့် ကျနော်တို့ ကရင်နယ်နိ မိတ်ထဲမှာ ရောက်လာတဲ့အကူအညီဆိုတာ လိုအပ်သလောက်မရရှိဘူး။ ကျနော်တို့အဖွဲ့ကထောက်ပံ့နိုင်တဲ့အရည်အချင်းကလည်း ရာခိုင်နှုန်းအားဖြင့် အင်မတန်နည်းနေသေးတယ်” ဟု ကေအိုင်စီသို့ပြောသည်။
မြန်မာပြည်တောင်ပိုင်းမှ ကရင်၊ ကရင်နီ(ကယား)ကဲ့သို့သော ပြည်နယ်များရှိ စစ်ဘေး ရှောင်များအတွက် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် နယ်စပ်ဖြတ်ကျော်ရေး အကူအညီများပေးရာတွင် လိုက်နာရမည့် နိုင်ငံတစ်နိုင်ငံ၏စည်းမျဥ်း စည်းကမ်း များရှိခြင်း၊ ပြည်တွင်းမှတဆင့်ဝင်ရောက်ရာတွင်လည်း စစ်ကောင်စီ၏ ခွင့်ပြုချက်မရှိခြင်းကြောင့်ကလည်း ထိရောက်သောအကူအညီပေးရာတွင် အခက်အခဲဖြစ်နိုင်သည်ဟု စောခဲလေက ဖြည့်စွက်ပြောဆိုသည်။

အလားတူ လက်ရှိ တိုက်ပွဲများနှင့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုဒဏ် ခံစားနေရသော ကရင်နီပြည်နယ်တွင်လည်း ပြည်နယ်၏လူဦးရေ ၄ သိန်းခန့်ရှိသည့်အနက် ပြည်သူထက်ဝက်ကျော်သည် စစ်ဘေးရှောင်ပြည်သူ များဖြစ်လာပြီး မြို့ပြများပျက်စီးကာ လူမှုစီးပွားရေးရပ်တည်မှု ကြပ်တည်း လာသောကြောင့် နိုင်ငံတကာအကူအညီများစွာ လိုအပ်နေသည်ဟု ကရင်နီလူ့ အခွင့်အရေးအဖွဲ့-KnHRG မှ ပြောရေးဆိုခွင့်ရှိသူ ဦးဗညားကလည်း ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ပြီးစီးခဲ့သည့် စာတမ်းမိတ်ဆက်ပွဲတစ်ခုတွင် ပြည်နယ်အတွင်းအခြေအနေနှင့်ပတ်သက်၍ ပြောဆိုထားသည်။
KnHRG ၏ အဆိုအရ ပြည်နယ်အတွင်း ဆန်စပါးစိုက်ပျိုးမှုကျဆင်း၍ စစ်ကောင်စီ၏ သွားလာရေးပိတ်ဆို့မှုများကြောင့် ဆန်ဝယ်ယူမှုရရှိမှုမှာလည်း ခက်ခဲသည့်အပြင် ပြည်တွင်းမှအကူအညီရရှိမှု အားနည်းလာသဖြင့် နိုင်ငံတကာအကူအညီပေးမှု မျှော်လင့်ထားသော်လည်း ထင်သလောက်ဖြစ်မလာခြင်းမှာ စစ်ကောင်စီ၏ စီမံခန့်ခွဲမှုလမ်းကြောင်းမှ သွားနေရခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အမေရိကန်နိုင်ငံမှလည်း ပဋိပက္ခများကြောင့်ထိခိုက်ခံစားနေရသော မြန်မာပြည်သူများနှင့် ရိုဟင်ဂျာဒုက္ခသည်များအတွက် ၂၀၁၇ ခုနှစ်မှစ၍ လက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ကျော် ထောက်ပံ့ပေးခဲ့ပြီဖြစ် ကြောင်း ပြီးခဲ့သည့်ဇူလိုင်လ(၁၄)ရက်နေ့က တရားဝင်ကြေညာသည်။
နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းများအနေဖြင့် အာဏာသိမ်းကာလနောက်ပိုင်း နိုင်ငံ အတွင်း လူသားချင်းစာနာသည့်ကူညီမှုများပေးရာတွင် စစ်ကောင်စီလက်အောက်မှ သွားနေရခြင်းဖြစ်သောကြောင့် ထောက်ပံ့မှုများမှာ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များထံသို့သာ ရောက်ရှိမှုပိုများကြောင်း၊ အမှန်တကယ်အကူအညီလိုအပ်နေသောပြည်သူများအတွက် နိုင်ငံတကာ၏ အကူအညီပေးရေးနည်းလမ်းအား ပြန်လည်သုံးသပ်နိုင်ရန်လိုကြောင်း ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်နေသည့် အရပ်ဖက်အဖွဲ့များကလည်း ထောက်ပြပြောဆိုထားသည်။



















