Home သတင်း လက်ခတ်တောင်စခန်းကုန်း ပြန်လည်ရရှိရန် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များ ထပ်မံတိုက်ခိုက်ခံရ

လက်ခတ်တောင်စခန်းကုန်း ပြန်လည်ရရှိရန် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များ ထပ်မံတိုက်ခိုက်ခံရ

918

ဇူလိုင်လ ၂၅ ရက်နေ့၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ စစ်ကောင်စီတပ်၏ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို ပြီးခဲ့ သည့် ဇူလိုင်လ ၂၁ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၎င်းစခန်းကုန်းကို ပြန်လည် ရရှိရန် စစ်ကြောင်းထိုး ဝင်လာသည့် စစ်ကောင်စီတပ်များ ထပ်မံ တိုက်ခိုက်ခံရပြီး နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့တွင်သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ ဇူလိုင်လ ၂၄ ရက်နေ့နှင့် ယနေ့ တွင် မေတ္တာလင်းမြိုင်နှင့် လက်ခတ်တောင်အကြားထဲကို စစ်ကြောင်း ထပ်မံ ထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကော်ဘရာစစ်ကြောင်း ဦးဆောင်သည့် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ စစ်ကြောင်း ပြန်ဆုတ်ခွာသွားခဲ့ကြောင်း ကေအဲန်ယူဘက် က ဆိုသည်။

စစ်ကောင်စီ၏ တပ်မ(၄၄) တပ်မမှူးမှ လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်သိမ်းယူရန် ညွှန်ကြားမှုဖြင့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၂) နှင့် (ခမရ-၁၁၈) ပူးပေါင်းအင်အား (၁၀၀) ကျော်ရှိသည့် စစ်ကြောင်း ဖြင့် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်လာခြင်းမရှိသေးကြောင်း တွေ့ရသည်။

သို့သော် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အကြား နှစ်ဖက် တိုက်ပွဲ အတွင်း အနီးအနားရှိအရပ်သား အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လည်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

၎င်းတိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံးမှုများနှင့် တော်လှန်ရေးတပ်ဘက်မှလည်း ထိခိုက်ကျဆုံးမှုအခြေအနေကိုမူ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့်် ဆက်သွယ်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်၏ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို ဇူလိုင်လ ၂၁ ရက်နေ့က တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ခဲယမ်းဗုံးသီးများအပြင် တိုက်ခိုက်ရေးနှင့် ဆက်စပ်ပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

အလားတူ စစ်ကောင်စီတပ်၏ စစ်ကြောင်းများသည် ကရင်ပြည်နယ်အတွင်းရှိ ကြာအင်းဆိပ်ကြီး၊ မြဝတီ နှင့် ကော့ကရိတ်စသည့်နေရာများတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး မွန်ပြည်နယ်၊ ပဲခူးတိုင်းဘက်မှ လာသည့်စစ်ကောင်စီတပ်၏ စစ်ကူယာဉ်တန်းများကလည်း ကြားဖြတ် တိုက်ခိုက် ခံနေရလျက်ရှိသည်ဟု သိရသည်။