ဆက်သွယ်မေးမြန်းခြင်း (အင်တာဗျူး)
ကရင်အမျိုးသမီးအစည်းအရုံး(KWO) ပညာရေးဌာန တာဝန်ခံ နော်ဖောဂေထူးနှင့် ကေအိုင်စီ ဆက်သွယ်မေးမြန်းခြင်း
မေး။ ။ KWO-ကရင်အမျိုးသမီးအစည်းအရုံးရဲ့လုပ်ငန်းစဉ်ထဲမှာ ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီး ဘယ်အပိုင်းတွေမှာ လုပ်ဆောင်ပေးခဲ့တာတွေ ရှိပါသလဲ။
ဖြေ။ ။ ကရင်အမျိုးသမီးအစည်းအရုံးမှာ ပညာရေးအပိုင်းနဲ့ပတ်သက်ပြီး ကျမတို့ လုပ်ဆောင်ပေးနိုင်တဲ့အပိုင်းဖြစ်တဲ့ ကိုယ်စားပြုပြောပေးတဲ့အပိုင်းနဲ့ပတ်သက်ပြီး လုပ်ဆောင်ပေးတာတွေရှိပါတယ်။ အကူအညီပေးဖို့ဘဲဖြစ်ဖြစ်၊ ပညာရေး နဲ့ပတ်သက်ပြီး ကူညီပေးတဲ့သူတွေ ကွင်းဆင်းဆောင်ရွက်တဲ့အခါမှာဖြစ်ဖြစ် ကျမတို့က ကိုယ်စားပြုပြောဆိုလုပ်ဆောင် ပေးတာတွေ ရှိတယ်။ ကျမတို့ KWO အတွက်မကဘဲနဲ့ ဒုက္ခသည်စခန်းက ပညာရေးအတွက်၊ တခြားနေရာတိုင်းလိုလို မှာ ကျမတို့ ပါဝင်ပြောဆိုလုပ်ဆောင်ပေးတာရှိတယ်။ နောက်တစ်ခုကတော့ ကျမတို့နဲ့ ပူးပေါင်းလုပ်ဆောင်ပေးတဲ့သူ တွေကို စွမ်းရည်မြှင့်တင်ရေးအပိုင်းတွေမှာလည်း လုပ်ဆောင်ပေးတာရှိတယ်။ ကျမတို့ ပူးပေါင်းလုပ်ဆောင်တဲ့သူတွေ က အမြဲတမ်း အပြောင်းအလဲရှိတယ်ဆိုတော့ သူတို့ကို စွမ်းရည်မြှင့်တင်ပေးရတာရှိတယ်။
အဆင့်မြင့်ပညာရေးတွေတော့ မဟုတ်ဘူးပေါ့။ ပြီးတော့ ကျောင်းသားမိဘတွေကိုလည်း စွမ်းရည်မြှင့်တင် ပေးရတာတွေရှိတယ်။ ဒေသအတွင်းက ကျောင်းသားမိဘတွေဟာ သူတို့ သားသမီးတွေရဲ့ ပညာရေးက ဘယ်လောက် အထိ အရေးကြီးလဲ။ သူတို့ ဘယ်လိုနည်းလမ်းနဲ့ ပံ့ပိုးရမလဲ။ အဲဒါတွေကို သူတို့ကို ဗဟုသုတပညာပေးလုပ်ဆောင်ရ တာတွေ ရှိတယ်။ နောက်တစ်ခုကတော့ ပညာရေးအပိုင်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့လည်း ကျမတို့ KWO က ပူးပေါင်းလုပ်ဆောင်တာတွေ ရှိတယ်။ ဥပမာ – KRCEE၊ KECD နဲ့ မယ်တော်ဆေးခန်းတို့လိုမျိုးပေါ့။ အဓိက ကျောင်းသူ ကျောင်းသားတွေကို ကူညီထောက်ပံ့ပေးရေးအပိုင်းပေါ့။ ကျောင်းသုံးစာအုပ်တွေရရှိဖို့ ကျမတို့ ပူးပေါင်းလုပ်ဆောင်တာ ရှိပါတယ်။
မေး။ ။ ဒီနှစ် ဇွန်လ ၂၉ရက်နေ့ကနေ ဇူလိုင်လ၁ရက်နေ့အထိ ကျင်းပပြုလုပ်တဲ့ KWO ကွန်ဂရက်မှာ ရှေ့လုပ်ငန်းစဉ် ထဲမှာ ပညာရေးအပိုင်းကို ဘယ်လိုလုပ်ဆောင်ဖို့ အစီအစဉ်တွေ ရှိပါသလဲ။
ဖြေ။ ။ ရွေးကောက်ပွဲထဲမှာတော့ ကျမတို့ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ချမှတ်တာတွေရှိပါတယ်။ အဲဒါက မူကြိုကျောင်းတွေပေါ့နော်။ ကရင်ပညာရေးဌာနလက်အောက်မှာ ထည့်သွင်းဖို့ အကူအညီပေးဖို့ပေါ့။ အခုဆို ရင် သူတို့ဘက်က စာရင်းထည့်သွင်းပေးတာရှိပြီး။ ရှေ့ဆက် ကျမတို့ တွေ့ဆုံရမယ်။
နောက်ပြီး တာဝန်တွေခွဲကြမယ် ရှေ့ဆက်လုပ်ငန်းစဉ်အစီစဉ်မှာရှိတယ်ပေါ့နော်။ နောက်ပြီး ကျောင်းဘော်ဒါဆောင်တွေပေါ့နော်။ KECDနဲ့ ကျမတို့ ပူးပေါင်းလုပ်ဆောင်တာရှိတယ်။ ရှေ့ဆက် အဲဒီဘော်ဒါဆောင်တွေအတွက် အကူအညီတွေရဖို့ ကျမတို့ ဆက်လက် လုပ်ဆောင်ရအုံးမှာပေါ့။
နောက်တစ်ခုက ကျမတို့ KWO မှာရှိတဲ့ အမျိုးသမီးလူငယ်တွေပေါ့နော်။ တချို့က အလယ်တန်း၊ အထက်တန်း ပြီးပြီ။ ဒါပေမယ့် ကျောင်းဆက်တက်ဖို့က သူတို့မှာ မိဘ မထောက်ပံ့နိုင်တဲ့ အခက်အခဲတွေရှိတယ်။ ကလေးတွေ ပညာ သင်ယူနိုင်ဖို့အတွက် ကျမတို့က ကိုယ်စားပြု လိုက်ပြောဆိုလုပ်ပေးရအုံးမှာပဲ။ သူတို့တွေကို ကျောင်းပညာ ဆက်လက် သင်ယူနိုင်ဖို့အတွက် အကူအညီတွေရှာပေးမယ်။ ပြီးတော့ အမျိုးသမီးဘော်ဒါဆောင်တွေအတွက် အကူအညီရရှိဖို့ ကျမ တို့ ဆက်လက် ကူညီရအုံးမယ်ပေါ့။
မေး။ ။ ဆွံ့အနားမကြား၊ ကိုယ်လက်မသန်စွမ်း Special Education (SE)ကျောင်းနဲ့ပတ်သက်ပြီး လုပ်ဆောင်ပေးနေ တဲ့ လုပ်ငန်းစဉ်က ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဆွံ့အ နားမကြားကျောင်းနဲ့ပတ်သက်ပြီး ဒုက္ခသည်စခန်း (၇)ခု။ ပြည်တွင်းက ကေအဲန်ယူထိန်းချုပ်နယ်မြေ ခရိုင် (၃)ခုမှာ ကျမတို့ ဖွင့်လှစ်ထားတာရှိခဲ့ပါတယ်။ အဲဒီခရိုင် ၃ခုထဲမှာက မူတြော်ခရိုင်၊ ဒူးပလာယာခရိုင်နဲ့ သထုံခရိုင် မှာ ရှိပါတယ်။ မူတြော်ခရိုင်မှာတော့ မြို့နယ် (၃)မြို့နယ်မှာ ရှိတယ်။ သထုံခရိုင်မှာတော့ ဘီးလင်းမြို့နယ်။ ဒူးပလာယာ ခရိုင်မှာတော့ နို့တကော(ကြာအင်း)မြို့နယ်မှာရှိတယ်။ အဲဒီဆွံ့အ နားမကြား ပညာရေးကျောင်းနဲ့ပတ်သက်ပြီး ဒုက္ခ သည်စခန်းထဲမှာ ကျမတို့ လုပ်ဆောင်ပေးတာတွေကတော့ ကျောင်းတွေမှာ ကျမတို့ ကြိုဆိုပွဲတွေ၊ ကပွဲတွေနဲ့ ပျော် အောင် လုပ်ပေးတယ်။ ပြီးတော့ ကျောင်းသားမိဘတွေက သူတို့ရဲ့ ဆွံ့အ နားမကြား ရင်သွေးလေးတွေကို ဘယ်လို ပြုစုထိန်းကျောင်းရမလဲ စတဲ့ ပညာပေးတာတွေ လုပ်တယ်။
ပြီးတော့ သင်ထောက်ကူ အထောက်ပံ့ပေးတာတွေ ရှိတယ်။ အဲဒါတွေက ကျမတို့ ဆက်လက်လုပ်အုံးမယ် မပြောင်းဘူးပေါ့။ ဒုက္ခသည်စခန်းမှာတော့ Center (၁၁)ခု ရှိတယ်။ ပြည်တွင်းမှာက ဒုက္ခသည်စခန်းထဲကလို ကျမတို့ ကျောင်းတွေနဲ့ ဖွင့်လှစ်ပေးတာတွေက လုပ်လို့မရဘူး။ ကျမတို့အစီအစဉ် ဘယ်လိုရှိလဲဆိုတော့ ရွာတွေထဲမှာကွင်းဆင်း ပြီး ဒီကလေးတွေရဲ့ ခံစားခွင့်၊ အခွင့်အရေးတွေကို ရပ်ရွာတွေမှာ ပညာပေးလုပ်ဆောင်ရတာတွေပေါ့။ ကိုဗစ်စဖြစ်ပြီး တော့ စစ်တပ်အာဏာသိမ်းနောက်ဆက်တွဲကြောင့် တိုက်ပွဲတွေဖြစ်ပွားပြီး နယ်မြေကွင်းဆင်းတာတွေ လုပ်လို့မရတော့ လူစုပြီး၊ ပွဲတွေနဲ့လုပ်ပြီး ပညာပေးလုပ်ဆောင်ပေးလို့တော့ လုပ်လို့မရတော့ဘူး။ အဲဒါကြောင့် ပညာပေးကွင်းဆင်းလုပ် ဆောင်တဲ့လူတွေကတော့ အိမ်ထောင်စုတစ်စုချင်းစီကိုသွားပြီးတော့ ပညာပေးတာတွေ အဲလို ပြန်လုပ်တယ်။
မေး။ ။ ပညာရေးကဏ္ဍတွေမှာ နယ်စပ်ဒေသမှာရှိတဲ့ ဘယ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်လဲ။ ဘယ်လိုမျိုး တွေ ပူးပေါင်းလုပ်ဆောင်တာရှိလဲ။
ဖြေ။ ။ နယ်စပ်မှာရှိတဲ့ အဖွဲ့အစည်းတွေကတော့ KRCEE ပြီးတော့ Right to Play နဲ့လည်း ပူးပေါင်းလုပ်ဆောင် တယ်။ အဓိကတော့ ဆွံ့အ နားမကြား ကျောင်းသားတွေကို ဘယ်လိုသင်ကြားရမလဲ။ သင်ကြားပုံစံရေးဆွဲရတာတွေ ပေါ့။ ပြီးတော့ မယ်တော်ဆေးခန်း၊ ကရင်ပညာရေးဌာန(KECD)နဲ့ ပူးတွဲလုပ်ဆောင်တာ ရှိတယ်။ ကရင်ပညာရေးဌာန ကတော့ အထူးသဖြင့် ကျောင်းဘော်ဒါဆောင် ထောက်ပံ့ပေးတာတို့၊ ကွင်းဆင်းတွေ့ဆုံတာ၊ သင်တန်းပေးတာတို့ အဲလို တွေရှိတယ်။ ကျမတို့ ကြည့်ရှုထောက်ပံ့တဲ့ဘော်ဒါဆောင်တွေက အခု ၁၃လုံးပဲ ရှိတော့တယ်။
ကိုဗစ်ဖြစ်ပွားပြီးတဲ့နောက်မှာ ဘော်ဒါဆောင်တချို့က ဖြုတ်လိုက်ရတာရှိတယ်။ ၂၀၂၂ခုနဲ့ ၂၀၂၃ခုနှစ်မှာက ၁၃လုံး ရှိတယ်။ အဲဒီဘော်ဒါဆောင်တွေက သထုံ၊ တောင်ငူ၊ ဒူးပလာယာ၊ ဖားအံနဲ့ မူတြော်(ဖာပွန်)ခရိုင်တွေမှာရှိတယ်။ နောက်ပြီး ပညာရေးအတွက် ဒီထက်ပိုပြီး အကူအညီရရှိဖို့ ကရင်ပညာရေးဌာန၊ ကရင်နီပညာရေးအဖွဲ့နဲ့လည်း ပူးပေါင်း ဆောင်ရွက်နေတာတွေ ရှိပါတယ်။
မေး။ ။ ပြည်တွင်းမှာရှိတဲ့ ဘော်ဒါဆောင်အခြေအနေတွေက ဘယ်လိုရပ်တည်နေရပါသလဲ ရှင်းပြပါအုံး။
ဖြေ။ ။ ကျမတို့ ထောက်ပံ့တဲ့ ပြည်တွင်းမှာရှိတဲ့ ဘော်ဒါဆောင်တွေကတော့ အရင် ၂၀၁၉ခုနှစ်တုန်းက ကျောင်းသူ ကျောင်းသား ၇၀၀ကျော်ပဲ ရှိတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ ကျမတို့ ဘော်ဒါဆောင်တွေက ကျောင်းသူ ကျောင်းသားဦးရေ များသထက်များလာတယ်။ မြို့ထဲမှာ ကျောင်းတက်နေတဲ့ကလေးတွေလည်း ကျမတို့ ဘော်ဒါ ဆောင်တွေမှာ ပြောင်းလာတာရှိတယ်။ အခုဆိုရင် ကျမတို့ဘော်ဒါဆောင်တွေမှာ ကျောင်းသူကျောင်းသားဦးရေ ၁၆၀၀ အထိ ရှိလာတယ်။ ဒီ ၁နှစ် ၂နှစ်အတွင်းမှာ ကျောင်းသားဦးရေက ထက်ဝက်ကျော်(နှစ်ဆကျော်)တောင် များလာတယ်။ ကျောင်းသားဦးရေများလာတော့ အခက်အခဲတွေ အများကြီးရှိလာတယ်။
မယ်တော်ဆေးခန်းမှာ၊ ကရင်ပညာရေးဌာန တွေမှာ အလှူငွေတချို့ရတယ်။ ပြီးတော့ ကျမတို့ KWO ကလည်း အလှူရှင်တွေနဲ့လိုက်ချိတ်ပြီး အကူအညီလိုက်ရှာရ တယ်။
ပြောရမယ်ဆိုတော့ ငွေကြေးအခက်အခဲ အများကြီးရှိလာတော့ ဘော်ဒါဆောင်မှာ စားစရာတချို့ လျော့ချလာ ရတယ်။ ဒေသအတွင်းက လူထုတွေကလည်း သူတို့နိုင်သလောက် ဝိုင်းဝန်းထောက်ပံ့ပေးတာလည်း ရှိပါတယ်။ အဲဒါ ကြောင့် ကျမတို့ဘော်ဒါဆောင်တွေက လည်ပတ်နိုင်တယ်။ ကိုဗစ်ဖြစ်ပွားပြီးနောက်မှာ၊ ပြီးတော့ စစ်အာဏာသိမ်းပြီး ပဋိပက္ခဖြစ်စဉ်တွေများလာပြီးတဲ့နောက်မှာ ကျမတို့ KWO ရဲ့ ပညာရေးကဏ္ဍ လုပ်ဆောင်တဲ့ဌာနမှာတော့ အလှူငွေ ရရှိမှု နည်းလာတာ၊ အထူးသဖြင့် အလှူငွေတွေက ပဋိပက္ခဖြစ်ပွားတဲ့နေရာမှာပဲ သွားတာများတယ်။ ပြန်ကြည့်ရမယ် ဆိုရင် ငွေကြေးမလုံလောက်တော့ အခက်အခဲ အများကြီးရှိလာတယ်။
မေး။ ။ ပညာရေးအပိုင်းနဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့တာမှာ ဘယ်လိုအောင်မြင်မှုတွေရရှိတယ်လို့ ပြောလို့ရသလဲ။
ဖြေ။ ။ ပညာရေးနဲ့ပတ်သက်ပြီး အဓိက ထဲထဲဝင်ဝင် လုပ်ဆောင်နိုင်တာတစ်ခုကတော့ ဘော်ဒါဆောင်တွေကို ကြည့် ရှုစောင့်ရှောက်ပေးတာပေါ့။ ကျောင်းသားလူငယ်အများအပြားကို ကြည့်ရှုစောင့်ရှောက်နိုင်ခဲ့တယ်။ ပြီးတော့ မူကြို ကျောင်း ကျမတို့ကူညီပေးတာ ၇၄လုံးရှိတယ်။ ဒုက္ခသည်စခန်းမှာ ၁၈လုံးရှိတယ်။ အဲဒီမှာက မူကြိုကလေးငယ်တွေအ တွက် ကျောင်းသုံးစာအုပ် သင်ထောက်ကူ ကစားစရာတွေ ကျမတို့ ထောက်ပံ့ပေးနိုင်ခဲ့တယ်။ ကလေးအနာဂတ်အ တွက် ကျမတို့ လုပ်ဆောင်ပေးနိုင်ခဲ့တာပေါ့။
ဆွံ့အ နားမကြားကျောင်းတွေကတော့ ဒုက္ခသည်စခန်းမှာရှိတယ်။ ပြည်တွင်းမှာ သီးသန့်ကျောင်းတော့ မရှိ သေးဘူး။ အဲဒီမှာက ဆွံ့အ နားမကြားဖြစ်သူတွေ သင်ယူရမယ့်စာအုပ်တွေ၊ အထောက်အကူတွေကို ကျမတို့လုပ်ထား၊ ရှိထားတာကြာခဲ့ပြီးလို့ ပြောလို့ရတယ်။ ဒါကိုကောင်းဖို့က ကျမတို့ ဆက်လုပ်ရမှာပေါ့နော်။ နောက်တစ်ခုက လူငယ်အ မျိုးသမီးကျောင်းပေါ့။ ဒီကျောင်းက ကျမတို့ တည်ထောင်ထားတာကြာပြီး ရပ်ရွာလူထုအတွက် အများကြီး အထောက် အကူပြုတယ်။ ဒီကျောင်းကထွက်တဲ့ လူငယ်အမျိုးသမီးတွေဟာဆိုရင် သူတို့ရပ်ရွာပြန်တဲ့အခါ အဖွဲ့အစည်းထဲမှာ၊ ခေါင်းဆောင်ပိုင်းမှာ ပြန်ဦးဆောင်နိုင်တာတွေရှိတယ်။
မေး ။ ။ နောက်ဆုံး ဘာများဖြည့်စွက်ပြောချင်တာ ရှိပါသလဲ။
ဖြေ ။ ။ အခုချိန်မှာ အားလုံးက ခက်ခဲလာတယ်။ ဒုက္ခသည်စခန်းမှာဖြစ်ဖြစ်၊ ပြည်တွင်းမှာဖြစ်ဖြစ် ကျောင်းသားမိဘ တွေက အဆင်မပြေတာတွေများလာတော့ ကျမတို့ဘက်ကို အရောက်များလာတယ်။ စာသင်ကျောင်းတွေမှာလည်း အကူအညီ အထောက်အပံ့တွေနည်းလာတော့ ကျောင်းသားတွေက ကျောင်းဝင်ကြေးတို့ ကျောင်းသုံးပစ္စည်းမှာ ပြန်ပေး ရတာတို့ များလာတယ်။ ဒါကို ကျောင်းသားမိဘတွေက ကျမတို့ဌာနမှာလာတင်ပြတော့ ကူညီပေးရတွေလည်းရှိတယ်။ စာသင်ကျောင်းတွေမှာ အကူအညီနည်းလာတဲ့အတွက် မူကြိုကျောင်းတွေမှာဆို ကျောင်းသားမိဘအသင်းကို ကျမတို့ ပြန်ဖွဲ့တယ်။ ပြီးတော့ ရံပုံငွေတွေပြန်ရှာပြီး ရတဲ့ငွေတွေက ကျောင်းကိုပြန် ထောက်ပံ့ရတယ်။
အထူးသဖြင့် ဆွံ့အ နားမကြား မသန်စွမ်းကျောင်းတွေဆိုရင် တော်တော်လေးပျက်စီးနေပြီ။ ကျောင်းပြင်ဆင် ပြန်ဆောက်ဖို့က ကျောင်းသားဦးရေများတော့ ကျောင်းအဆောက်အဦး လိုအပ်ချက်တွေရှိတယ်။ နောက်ပြီး အခု ဒေသ အတွင်းမှာလုပ်တဲ့ ကျမတို့အဖွဲ့ဝင်တွေက လူသစ်တွေများတော့ အပြောင်းအလဲ အမြဲတမ်းရှိတော့ ကျမတို့အချိန်ယူ လုပ်ဆောင်ရတယ်။ သူတို့ကို သင်တန်းတစ်ခါပြန်ပေးရတော့ အချိန်အများကြီးယူရတယ်။ သင်တန်းလာတက်တဲ့သူ တွေက ဒုက္ခသည်စခန်းမှာလာတက်ရတော့ လမ်းခရီးတွေကလည်း အရင်လို မလုံခြုံဘဲ သွားလာရေးခက်ခဲတယ်။ လူသစ်ဆိုတော့ သင်ကြားပေးတဲ့အခါမှာ ထိရောက်မှုရှိမရှိ ကျမတို့ပြန်ကြည့်ရတာတွေလည်း ရှိပါတယ်။