Home သတင်း ဖားအံမြို့တွင် ပျံကျစျေးသည်များကို ခေါ်စုပြီး အခွန်လွတ်စျေးဖွင့်လှစ်ရောင်းချခိုင်းနေ

ဖားအံမြို့တွင် ပျံကျစျေးသည်များကို ခေါ်စုပြီး အခွန်လွတ်စျေးဖွင့်လှစ်ရောင်းချခိုင်းနေ

1015
Photo-ဇွဲကပင်မြေ

ဇွန်လ ၂၈ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပြည်နယ်စစ်ကောင်စီက ဇွန်လ ၂၅ နှင့် ဇွန်လ ၂၈ ရက်နေ့များတွင် ကန်သာယာညစျေးနေရာနှင့် လှိုင်းဘွဲလမ်းဂွနေရာများတွင် အခွန်လွတ်စျေးတန်းများ ဖွင့်ခိုင်းပြီး ပျံကျစျေးသယ်များအား စျေးရောင်းချခိုင်းမှုများရှိနေကြောင်း သိရသည်။

ပြည်နယ်စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းအကြီးအကဲများက ဖားအံမြို့မစျေးကြီး၊ မဲဘောင်စျေး ၊ လမ်းဂွ စျေးတို့မှ ပျံကျလမ်းဘေးစျေးသည်များအား အခွန်လွတ်စျေးတွင် စျေးရောင်းချရန် ခေါ်ယူပြီး နေ့အလိုက် နေရာတစ်ခုစီတွင် စျေးလာရောက်ရောင်းချရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဖားအံမြို့ခံ သတင်းအရင်းအမြစ်က ပြောသည်။

“မဲဘောင်စျေးတို့၊ လမ်းဂွစျေးတို့က စျေးသယ်တွေကို သွားခေါ်လာပြီးတော့ အခွန်လွတ်သက်သာ ချောင်ချိရေး စျေးပုံစံမျိုး စစ်ကောင်စီဝန်ကြီးက လိုက်ဖွင့်ပြီးလိုက်စျေးဝယ်တာတွေ လုပ်ပြနေတယ်။ ဒီမနက်ဆို လမ်းဂွလမ်းဆုံနားမှာ ကရင်ဝန်ကြီးတစ်ယောက် နောက်ထပ်စျေးတစ်ခု လာဖွင့်ပေးတယ်။ နောက်ပြီး မြို့က ဆီတို့၊ ဆန်တို့လုပ်ငန်းရှင်တွေကို ဆိုင်ခင်းရောင်းခိုင်းတယ်၊ ဟန်ပြပေါ့။ အရင် စစ် အစိုးရ ခေတ်ကလိုပဲ စည်ကားအောင် ပြန်လုပ်နေတာမျိုးပေါ့ ”ဟု ၎င်းမြို့ခံ သတင်းအရင်းအမြစ်က ပြောသည်။

လတ်တလောတွင်မူ ဖားအံဒေသတွင်း တည်ငြိမ်အေးချမ်းပြီး စည်ကားသွားလာ၍ရနေကြောင်း ပြသရန် စစ်ကောင်စီက ဘာသာရေးပွဲတော်များ၊ ခရီးသွားအလည်အပတ်လာသူများအား လွတ်လပ်စွာ သွားလာ၍ရနေကြောင်း သိရှိစေရန် စစ်တပ်သတင်းစာမျက်နှာများ၊ စစ်ကောင်စီ ရုပ်သံလိုင်းများတွင် ထုတ်လွှင့်နေသော်လည်း မြေပြင်တွင် ဒေသခံကားများ၊ ဆိုင်ကယ်များအား ဖမ်းဆီးသိမ်းဆည်းမှုများ ၊ ငွေညှစ်ပြန်ရွေးခိုင်းမှုများ ဖြစ်ပေါ်နေသဖြင့် ဒေသခံများသွားလာရေး ခက်ခဲနေကြကြောင်း သိရသည်။

ဖားအံမြို့ခံ လူငယ်တစ်ဦးက “မြို့ဝင်မြို့ထွက် စစ်ဆေးတာမှာ မြန်မာစကားသိပ်မပြောတတ် မဖြေ တတ်ရင် ဖမ်းငွေညှစ်ပြန်လာရွေးခိုင်းလုပ်တယ်။ အခုဇွန်လမှာ ကားတွေဖမ်းထားတာ တော်တော် များနေပြီ၊ သူတို့ စစ်တပ်နဲ့ ပတ်သက်သူတွေကျတော့ စီးလို့ရနေတယ်။ မြို့ခံတွေက ကြည့်စား၊ ကြည့် နေ၊ ကြည့်သွား ပုံစံမျိုးနေနေရတယ်။ စစ်တပ်ထောက်ခံတဲ့ အုပ်စုတွေကတော့ ကြိုက်သလိုနေထိုင် သွားလာလို့ရနေတယ်၊ အစစ်အဆေး မရှိဘူး။”ဟု ပြောသည်။

ဖားအံမြို့တွင် စစ်တပ်စစ်ဆေးမှုနေရာစုံ ၈ နေရာခန့်ရှိနေပြီး မြို့တွင်းတွင်လည်း ပတ်ကင်း၊ ရပ်ကင်း၊ စောင့်ကြည့်သတင်းပေးများ တာဝန်ချထားစောင့်ကြည့်နေသည့်အပြင် စောင့်ကြည့်ကင်မရာ CCtv များဖြင့် လုံခြုံရေးလုပ်ဆောင်မှုများ ရှိနေသော်လည်း စစ်ကောင်စီဆန့်ကျင်သည့် အဖွဲ့အစည်းများ တိုက်ခိုက်မခံရရေးကို စစ်ကောင်စီအနေဖြင့် ပိုမိုလုပ်ဆောင်နေရကြောင်း သိရသည်။