Home သတင်း စစ်ကောင်စီဝါဒဖြန့် စာစောင်ယူရန်ငြင်းဆိုသည့်သူများ အကြမ်းဖက်ဖမ်းဆီးခံနေရ

စစ်ကောင်စီဝါဒဖြန့် စာစောင်ယူရန်ငြင်းဆိုသည့်သူများ အကြမ်းဖက်ဖမ်းဆီးခံနေရ

1086

ဇွန်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီမှ ဝါဒဖြန့် လက်ကမ်းစာရွတ်များ လိုက်လံဖြန့်ဝေရာတွင် အဆိုပါစာရွက်ကိုယူရန်ငြင်းဆန်သူများအနေဖြင့် အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခံနေရကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။

မြိတ်မြို့တွင် ပြီးခဲ့သည့် ဇွန်လ၂၃ ရက်နေ့မှစတင်ပြီး “အိမ်အပြန်လမ်းအတွက် ဖိတ်ခေါ်သံ” ဆိုသည့် စစ်ကောင်စီ ဝါဒဖြန့်စာများကို လိုက်လံဖြန့်ဝေလျက်ရှိပြီး စာစောင်ယူရန်ငြင်းဆိုသည့်သူများကို အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့ဝင်များမှ ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“ပြီးခဲ့တဲ့ရက်ကပဲ လူငယ်တွေဝိုင်းရိုက်ခံထိတယ်လေ။ သူတို့ပေးတဲ့ စာစောင်ကို မယူလို့ ဆိုပြီးတော့။ ပြီးတော့ သူတို့စစ်ကားပေါ်ကို ဖမ်းခေါ်သွားတယ်။ အခုထိ လွတ်မလွတ်တော့ မသိသေးဘူး။ လိုက်ဝေတဲ့နေ့ကဆို အဖွဲ့စုံပဲ။ မော်တော်ပီကယ်တွေရော ရဲတွေရော။ လူတွေကလည်း ကြောက်ကြောက် နဲ့ယူရတာပေါ့။” ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ဖြစ်စဉ်မျိုးနှင့်အလားတူ မြိတ်မြို့အနီးရှိ ကော့သောင်းမြို့တွင်လည်း လက်ကမ်း စာစောင်များကိုနေရာ အနှံ့ဖြန့်ဝေလျက်ရှိပြီး ယူရန်ငြင်းဆိုသည့် သူများကိုလည်း စစ်ကောင်စီမှ ရိုက်နှက်ဖမ်းစီးမှုများကို ဆက်တိုက် လုပ်ဆောင်နေကြောင်း ကိုယ်တိုင် မြင်တွေ့သူ ကော့သောင်း ဒေသခံများက ပြောသည်။

ကော့သောင်း မြို့ခံတစ်ဦးက “နာကျည်းမိတာတော့အမှန်ပဲ။ ယူချင်ယူမယ်။ မယူချင်မယူဘူးပေါ့။ ရိုက်စရာဖမ်းစရာမလိုဘူး။ ကျနော် ကော့သောင်းမှာ ကြုံဖူးတယ်။ ဝါဒဖြန့် စာစောင်ကိုမယူတဲ့သူ အနိုင်ကျင့်ခံထိတယ်။ လက်တွေ့မြင်ဖူးတယ်။ ကျနော်လည်းသူတို့ပေးတဲ့စာစောင်ကိုယူလိုက်တယ်။ မဖတ်ဘူး။ ကျနော့်လို မဖတ်သူ တွေကများတယ်။” ဟု ပြောသည်။

အဆိုပါ ဝါဒဖြန့် လက်ကမ်းစာစောင်များကို မြို့ပေါ်ရပ်ကွက်တချို့နှင့် လူစည်ကားသောနေရာများ၊ ဈေး တချို့တွင် လိုက်လံဖြန့်ဝေမှုများ ပြုလုပ်ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (PDF)နှင့် လက်နက်ကိုင်အဖွဲ့ အစည်းများကို ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာရန်အတွက် ရေးသားထားကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လကလည်း အာဏာသိမ်းစစ်ကောင်စီမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်များကို ဖမ်းဆီးပေးပါက ဆုကြေးငွေ (၁၅) သိန်းပေးမည်ဟုလိုက်လံ အသိပေး ကြေညာခဲ့ သေးသည်။