Home ထိပ်တန်းသတင်း ဖားအံမြို့တွင်းရှိ တပ်မ ၂၂ စစ်တပ်ဝန်းအနီးတွင် ပေါက်မှုဖြစ်ပွားပြီး မြို့အဝင်အထွက် ပိတ်

ဖားအံမြို့တွင်းရှိ တပ်မ ၂၂ စစ်တပ်ဝန်းအနီးတွင် ပေါက်မှုဖြစ်ပွားပြီး မြို့အဝင်အထွက် ပိတ်

691

ဇွန်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့အတွင်းရှိ စစ်ကောင်စီ၏ တပ်မ ၂၂ စစ်တပ်ဝန်းအနီးတွင် ယနေ့ဇွန်လ ၂၈ ရက်၊ နေ့လည် ၁ နာရီဝန်းကျင်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး မြို့အဝင်အထွက်များကို ပိတ်ထားကြောင်း ဖားအံမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသည် တပ်မ ၂၂ အနီးရှိ သရက်တော ဘုန်းကြီးကျောင်းအရှေ့ လမ်းကြားထဲတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားရာ အနီးအနားရှိ ဖြတ်သန်းသွားလာသူအချို့ ထိခိုက်မှုရှိသည်ဟု ဖားအံမြို့ခံ တစ်ဦးက ယခုလိုပြောသည်။

“၁ နာရီကျော်လောက်မှာ တစ်လုံးကြားတယ်။ တစ်နာရီလောက်ပဲခြားတယ်။ တပ်မ ၂၂ ထဲမှာ လက်နက်ကြီး သံလိုမျိုးကြားတယ်။ ပြောတာက ကားမိုင်းပေါက်တယ်လို့လည်း ပြောနေတယ်။ သွားကြည့်လို့မရဘူးဆိုတော့သေချာမသိရဘူး။ စစ်တပ်ဝန်းထဲမှာတော့ မီးခိုးတွေ မှောင်မဲနေတာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် ဒေသခံထိခိုက်မှုနှင့်ပတ်သက်၍ သီးခြားအတည်ပြု၍မရနိုင်သေးသလို လက်ရှိ အချိန်တွင် စစ်ကောင်စီတပ်က မြို့အဝင်အထွက်လမ်းများကိုလည်း ယာယီသွားလာခွင့် ပိတ်ထားလိုက်ပြီး ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုမှာ နှစ်ကြိမ်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ပေါက်ကွဲမှုတွင် တပ်မ ၂၂ စစ်တပ် ဝန်းထဲတွင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး တပ်ဝန်းထဲရှိ စစ်ကောင်စီတပ်သားများက အဆောက်အဦး အပေါ်ဘက်များကို လိုက်လံရှာဖွေနေကြောင်း တပ်မ ၂၂ စခန်းအနီး နေထိုင်သူဒေသခံ တစ်ဦးက ပြောသည်။

၎င်းက“ဒုတိယ ပေါက်တဲ့တစ်ချက်က စစ်တပ်ထဲကမီးခိုးအငွေ့တွေထွက်လာတယ်။ အိမ်ခေါင်မိုးတွေ ပေါ်မှာလည်း စစ်သားတွေ သေနတ်တွေနဲ့ချိန်ထားတယ်။ တစ်မြို့လုံး မြို့ဝင်မြို့ထွက် အကုန်ပိတ် လိုက်ပြီး။ ဇာသပြင်တံတားလည်း ပိတ်တယ်။ အဝင်အထွက်ဘယ်မှ သွားမရတော့ဘူးပေါ့။”ဟု ပြောသည်။

လက်ရှိ ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း ပြောဆိုသူများ ရှိသလို စစ်တပ်ဝန်းအတွင်းဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းလည်း ပြောဆိုသူတချို့ရှိသော်လည်း ဖြစ်စဉ်အသေးစိတ်ကိုမူ ကေအိုင်စီအနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

အလားတူ စစ်တပ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း ဖားအံမြို့တွင် ပစ်ခတ်သံ၊ ဒရုန်းဖြင့် တိုက်ခိုက် ခံရ ခြင်းများအပြင် ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေလျက်ရှိသည်။