Home သတင်း တစ်လအတွင်း နိုင်ငံတစ်ဝှမ်းတွင် စစ်ကောင်စီ၏ မတရားပုဒ်မဖြင့် ထောင်ဒဏ် ချမှတ်ခြင်းခံထား ရသူ(၈၁)ဦးရှိ

တစ်လအတွင်း နိုင်ငံတစ်ဝှမ်းတွင် စစ်ကောင်စီ၏ မတရားပုဒ်မဖြင့် ထောင်ဒဏ် ချမှတ်ခြင်းခံထား ရသူ(၈၁)ဦးရှိ

851

ဇွန်လ ၂၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတစ်ဝှမ်းလုံးအတိုင်းအတာအနေဖြင့် စစ်ကောင်စီက မတရားပုဒ်မများချမှတ်၍ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ အမျိုးသမီး(၁၅)ဦးနှင့်အမျိုးသား (၆၆)ဦး စုစုပေါင်း (၈၁)ဦးရှိနေကြောင်း နိုင်ငံရေးအကျဥ်းသားများ စောင့်ရှောက်ရေး အသင်း-AAPP ၏ ဇွန်လ(၂၇)ရက်နေ့က စာရင်းပြုစုထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ (၈၁)ဦးတွင် ရာဇသတ်ကြီးပုဒ်မ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ အစရှိသဖြင့် နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရသူ ၄ ဦးလည်းပါဝင်နေသလို ထိုအထဲမှ ၇၀ ဦးမှာ စစ်ကိုင်းတိုင်း မှဖြစ်ပြီး ကျန်သူများမှာ နေပြည်တော်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့မှဖြစ် ကြောင်း၊ ဖမ်းဆီးခံရသူအများစုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF များသို့ ထောက်ပို့လုပ် ဆောင်ခြင်းအပြင် ဓားစာခံအနေဖြင့် ဖမ်းဆီးခံရခြင်းမျိုးပါရှိကြောင်း AAPP က ဆိုထားသည်။

ထို့အတူ စစ်ကောင်စီသည် နိုင်ငံတစ်ဝှမ်းရှိကျေးရွာများအပြင် မြို့ပြများတွင်လည်း လူငယ်များအား ပစ်မှတ်ထားကာ စစ်ဆေးခြင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်ဆောင်သူများ၊ ပဋိပက္ခ အတွင်းစစ်ဘေးတိမ်းရှောင်ပြည်သူများကို ထောက်ပံ့သူများအား ဖမ်းဆီးခြင်း စသောလူ့ အခွင့်အရေးချိုးဖောက်မှုများအား ကျူးလွန်နေကြောင်း AAPP က ပြောဆိုထားသည်။

“နိုင်ငံရေးလှုပ်ရှားသူတွေကို စစ်တပ်က အငြိုးတကြီးနဲ့ဖမ်းဆီးထောင်ချနေတာတွေက အခု အာဏာလုယူပြီးနောက်မှာ အများဆုံးနဲ့အရက်စက်ဆုံးပါ။ နိုင်ငံရေးနည်းနဲ့ အာဏာကို မထိန်း ထားနိုင်တာကြောင့် လူထုကိုအကြောက်တရားသွတ်သွင်းပြီး အာဏာထိန်းနိုင်အောင် ကြိုးစား နေတာပါ။” ဟု AAPP ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် တော်လှန်ရေးအင်အားစုများ၏ နယ်မြေစိုးမိုးမှုများပြားလာခြင်းနှင့်အညီ စစ်ကောင်စီသည် ၎င်း၏အာဏာသက်ရောက်မှုရှိသေးကြောင်းပြသလို၍ မြို့ပြများတွင် ယခုလို စစ်ဆေးရေး တင်းကြပ်ကာ ဖမ်းဆီးထောင်ချမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

စစ်ကောင်စီက နိုင်ငံရေးနှင့်ပတ်သက်ဆက်နွှယ်နေသူများအား အဓိကထား ဖမ်းဆီး သတ်ဖြတ်ခြင်း သည် ပြည်သူတစ်ရပ်လုံးပါဝင်သော တော်လှန်ရေးမဖြစ်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး တော်လှန်ရေး အင်အားစုများနှင့် တိုက်ပွဲများဖြစ်ပွားပြီး နောက်တွင်လည်း ပြည်သူလူထုအား PDF ထောက်ပံ့သူ (သို့မဟုတ်)PDF အဖြစ် စွပ်စွဲဖမ်းဆီးသတ်ဖြတ်ခြင်းကလည်း လုပ်ရိုးလုပ်စဥ်တစ်ခုဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်လေ့လာသူ မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ၏ ဒါရိုက်တာ နိုင်ဗညားမွန်က ပြောသည်။

၎င်းက “မြို့ပြမှာဆိုရင်လည်း မြို့ပြပျောက်ကြားတွေရဲ့ထိုးဖောက်မှုတွေ ပိုရှိလာတဲ့ အခါကျတော့ လူထုနဲ့မြို့ပြက တော်လှန်ရေးအင်အားစုတွေနဲ့ မချိတ်ဆက်မိအောင် မထောက်ပံ့ရဲအောင် ဖမ်းဆီး နှိပ်စက်ပြတဲ့သဘောပေါ့။ ဟိုအရင် ကိုဂျင်မီတို့ကို ဖမ်းဆီးတဲ့ကာလတုန်းကလည်း ဒီလိုပဲ မြို့ပြ ပျောက်ကြားတွေပေါ်လာတဲ့အတွက် အဖမ်းပြတယ်။ ဒါ သူတို့ရဲ့ဗျူဟာပါပဲ။” ဟု သုံးသပ်ပြောဆိုသည်။

၂၀၂၁ခုနှစ်၊ စစ်တပ်အာဏာသိမ်းယူပြီးသည့်အချိန်မှစ၍ ယခုနှစ် ဇွန်လ(၂၈)ရက်နေ့အထိ နိုင်ငံရေး လှုပ်ရှားသဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ နှစ်သောင်းကျော်ရှိနေပြီး ထိုအထဲမှ ခြောက်ထောင်ကျော်သည် ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထို့အပြင် တော်လှန်ရေး ကာလအတွင်း နိုင်ငံတစ်ဝှမ်းသေဆုံးသူ သုံးထောင်ကျော်ရှိသလို လက်ရှိသေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း တစ်ရာကျော်ရှိနေကြောင်း AAPP ၏ စာရင်းပြုစုချက်အရသိရသည်။

အဆိုပါ စာရင်းများသည် လက်လှမ်းမီနိုင်သလောက် ကောက်ခံပြုစုထားခြင်းဖြစ်၍ လက်ရှိမြေပြင်တွင် ဖော်ပြပါကိန်းဂဏန်းများထက် ပိုနိုင်သေးကြောင်း AAPP က ထည့်သွင်းဖော်ပြထားသည်။