Home သတင်း စစ်ကောင်စီထောက်ပို့လမ်းကြောင်းရှိ ဘီးလင်းရွှေရောင်ပြတံတား ဖောက်ခွဲခံရ၊ ပျက်စီးမှုလာကြည့်နေသည့် စစ်ကောင်စီများ ဒရုန်းဖြင့်ထပ်မံဗုံးကြဲတိုက်ခိုက်ခံ၍ အရာရှိများအပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရ

စစ်ကောင်စီထောက်ပို့လမ်းကြောင်းရှိ ဘီးလင်းရွှေရောင်ပြတံတား ဖောက်ခွဲခံရ၊ ပျက်စီးမှုလာကြည့်နေသည့် စစ်ကောင်စီများ ဒရုန်းဖြင့်ထပ်မံဗုံးကြဲတိုက်ခိုက်ခံ၍ အရာရှိများအပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရ

951
Photo-CJ

ဇွန်လ ၂၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ဘီးလင်းနှင့် သထုံမြို့အကြား ကမာစိုင်ကွက်သစ်ရွာထိပ်ရှိ စစ်ကောင်စီထောက်ပို့လမ်းကြောင်းအတွက် အသုံးပြုနေသောရွှေ ရောင်ပြတံတားအား ယမန်နေ့ ဇွန်လ(၂၈)ရက်နေ့ညပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များက ဖောက်ခွဲလိုက်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

KNLA တပ်ရင်း(၂)နှင့် ပူးပေါင်းတပ်များက ရန်ကုန်-မော်လမြိုင်-မြဝတီ ကားလမ်းမကြီးပေါ်ရှိ ထိုတံတားအား ယမန်နေ့ည ၁၀ နာရီဝန်းကျင်ခန့်က ဖောက်ခွဲဖျက်ဆီးခဲ့ရာ တံတားတစ်ခြမ်း ကျိုးကျပျက်စီးသွားခဲ့ပြီး လိုင်စင်မဲ့ကား သုံးစီး ထိခိုက်ပျက်ဆီးကာ အမျိုးသားတစ်ဦးသေဆုံး၍ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဘက်မှ ကနဦးရရှိထားသည့်သတင်းအရ သိရသည်။

ထိုတံတားအား စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အားနဲ့ရိက္ခာအင်အားဖြည့်တင်းရန် အသုံးပြုနေသောကြောင့် ဖောက်ခွဲဖျက်ဆီးရခြင်းဖြစ်ကြောငျး ကအေဲနျယူ၏ သထုံခရိုငျ မိတျဖကျ‌ရေးရာ ကွီးကွပျကှပျကဲမှုကောျမတီဥက်ကဋ်ဌ ဗိုလ်မှူးစောကျော်မြင့်က ယခုလိုပြောသည်။

“စစ်တပ်ဘက်က အဲဒီကားလမ်းမကြီးကိုသုံးပြီး ထောက်ပို့လုပ်နေလို့ တံတားကို ကျနော်တို့ပူးပေါင်းတပ်တွေက ဖျက်ဆီးလိုက်တာပါ။ ဖြစ်စဥ်မှာ သူတို့(စစ်ကောင်စီ)ဘက်က သယ်လာတဲ့ လိုင်စင်မဲ့ကားသုံးစင်းပျက်ဆီးသွားတယ်။ သေသွားတာ သထုံခရိုင် ဥပဒေရုံးကဝန်ထမ်း ကိုစိုးမိုးဆိုသူလို့ သိရတယ်။ ရဲတစ်ယောက်လည်းထိတယ် စစ်တပ်ဘက်က သတင်းဖုံးထားပါတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

Photo-CJ

ထိုသို့တံတားပျက်စီးပြီးနောက် ကားအသေးတစ်ချို့ကိုသာ ဖြည်းဖြည်းမောင်းနှင်ဖြတ်သန်းခွင့်ပေးပြီး လုံခြုံရေးများလည်းတင်းကြပ်ထားသည်ဟု ဒေသခံများထံမှ သိရသည်။ တဆက်တည်းမှာပင် ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ၏အမြှောက်တပ်ရင်း အမတ-၃၁၄မှ အနီးအနားရှိအရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီး(၅)လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းတွင် ပျက်စီးထားသည့်တံတားနေရာသို့ စစ်ကောင်စီ ဘက်မှလာရောက်စစ်ဆေးမှုပြုလုပ်နေစဉ် ပူးပေါင်းတပ်များ၏ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံအရာရှိ(၄)ဦးနှင့်အင်ဂျင်နီယာ(၁)ဦး ထိခိုက်မှုရှိခဲ့ကြောင်း ဗိုလ်မှူးစောကျော်မြင့်က ဆက်လက်ပြောဆိုသည်။

အလားတူ ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်တွင်လည်း ပြီးခဲ့သည့် မေလဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်ဖွဲ့များ ထောက်ပို့လမ်းကြောင်းအတွက် အသုံးပြုလျက်ရှိသော ကျောက်ကြီး-နတ်သံကွင်းတံတားအပါအဝင် တံတား(၅)စင်းအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့သေးသည်။