ဇွန်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်တွင် ခေါင်းဆောင်မှု၊ အုပ်ချုပ် ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာသင်တန်းကို ခရိုင်ခေါင်းဆောင်များနှင့် ဌာနဆိုင်ရာ အရာရှိများအား ဇွန်လ (၅) ရက်နေ့မှ (၁၇) ရက်အထိ သင်တန်းပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ကေအဲန်ယူ၏ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာများ နှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုများတွင် စွမ်းရည်မြင့်တင်ရန် လိုအပ်ချက်များ ရှိနေသည့်အပေါ် သင်တန်း ခေါ်ယူပေးရခြင်းဖြစ်ကြောင်း သင်တန်းပေးရာတွင် ပါဝင်သူ စောကပီ က ယခုလိုပြောသည်။
၎င်းက “အခုလိုသင်တန်း လုပ်ရတဲ့ ရည်ရွယ်ချက်က ကော်သူးလေ အုပ်ချုပ်ရေးဆိုင်ရာများ ပြည်သူ့ရေးရာ စီမံခန့်ခွဲတဲ့အပိုင်းမှာ စွမ်းရည်မြှင့်တင်ဖို့ လိုအပ်တာကြောင့် နဲ့ နောက်ပြီးတာ့ တပ်မဟာ ခုနှစ်ခုလုံးမှာ အခုလို ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး အုပ်ချုပ်ရေး သင်တန်းတို့ကို ပြုလုပ်သွားဖို့ရှိတယ်”ဟု ကေအိုင်စီသို့ပြောသည်၊
အဆိုပါ သင်တန်းအား တောအူး(တောင်ငူ)၊ ခလယ်လီထူး(ညောင်လေးပင်)နှင့် မူတြော်(ဖာပွန်)အစရှိသော ကေအဲန်ယူ- ခရိုင် (၃) ခုမှ မြို့နယ် (၈) ခုရှိ ခေါင်းဆောင်များနှင့် ဌာနဆိုင်ရာတာဝန်ခံများအပါအဝင် စုစုပေါင်း (၃၂) ဦး ပါဝင်တက်ရောက်ခဲ့သည်ဟု သင်တန်းတွင် ပါဝင်တက်ရောက်သူများထံမှ သိရသည်။
နှစ်ပတ်နီးပါးကြာမြင့်သည့် အဆို့ပါ သင်တန်းတွင် ကော်သူးလေပြည်နယ်အတွင်း အုပ်ချုပ်ရေးဆိုင်ရာ နှင့်ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ စီးပွားရေးနှင့် သဘာ၀သယံဇာတဆိုင်ရာစီမံအုပ်ချုပ်ရေး၊ တရားရေးဆိုင်ရာ စီမံခန့်ခွဲရေးနှင့် သဘာဝ ပတ်ဝန်းကျင်စီမံခန့်ခွဲရေး အစရှိသော ခေါင်းစဉ်ခွဲများကို သင်ကြားပို့ချခဲ့ကြောင်း ကေအဲန်ယူက ဆိုသည်။
ထို့အတူ ကော်သူးလေ နယ်မြေတွင် လုပ်ငန်းများထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ် များချမှတ်ဆောင်ရွက်ရေး နှင့် လက်တွေ့မြေပြင်အခြေအနေ၊ စိန်ခေါ်မှုများ၊ မျှော်မှန်းချက်များအားလည်း ဆွေးနွေးအဖြေရှာခြင်းပြုလုပ်ခဲ့သည်ဟု သင်တန်းတာဝန်ရှိသူများကပြောသည်။
၎င်း သင်တန်းဖြစ်မြှောက်ရေးအတွက် ကေအဲန်ယူနှင့် School of Governance and Public Administration (SGPA) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ကေအဲန်ယူ ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။



















