Home သတင်း ပန်းပန်သပိတ်ပြုလုပ်သည်ဟု စွပ်စွဲချက်ဖြင့် ကော့ကရိတ် ဒေသခံ ၁၅ ဦးခန့် ဖမ်းဆီးထိမ်းသိမ်းခံထားရ

ပန်းပန်သပိတ်ပြုလုပ်သည်ဟု စွပ်စွဲချက်ဖြင့် ကော့ကရိတ် ဒေသခံ ၁၅ ဦးခန့် ဖမ်းဆီးထိမ်းသိမ်းခံထားရ

864

ဇွန် ၂၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ဇွန်လ ၁၉ ရက်နေ့က ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အနေ ဖြင့် ပန်းသပိတ်လှုပ်ရှားမှုတွင် ပါဝင်သည်ဟုဆိုကာ ကော့ကရိတ်မြို့ရှိ ရပ်ကွက်နေ ဒေသခံ ၁၅ ဦးကို မြို့မ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ကာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း နီးစပ်သည့် ဒေသခံများထံမှ သိရသည်။

အဆိုပါ နေ့တွင် ကော့ကရိတ်မြို့ရှိ ရပ်ကွက်နေ ဒေသခံများ စျေးဝယ်ပြန်ချိန် ပန်းပန်ထားသူ၊ ပန်းစည်း ကိုင်လာသူ ၁၅ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်ဟု ကော့ကရိတ်မြို့ခံ တစ်ဦးက ယခုလို ပြောသည်။

၎င်းက “ပန်းသပိတ်နေ့က မြို့ထဲ ရပ်ကွက်ကလူတွေ ၁၅ ယောက်လောက် မြို့မ ရဲစခန်းမှာဖမ်းထားတယ်။ ပန်းပန် တာ ပန်းကိုင်လာတာနဲ့ စျေးအပြန်လမ်းမှာဖမ်းတာ။ ခု ဒီနေ့မနက်အထိတော့မလွတ်ပေးသေးဘူး။ အမှုတပ် မလား၊ ပြန်လွတ်မလား စုံစမ်းလို မရသေးဘူး။ အခုတလောကော့ကရိတ် လူဖမ်းနေတာ တော်တော် လေး များ လာတယ်။ အဓိက ကတော့ NLD လက်ထက်က ပတ်သက်တဲ့သူတွေ ပိုပြီး စောင့်ကြည့်တာ စစ်ဆေးတာ ပိုလုပ် လာတော့ ရှောင်နေကြရတာ များလာတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ် မြို့ခံများအပေါ် စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာသလို ပြီးခဲ့သည့် ဧပြီ၊ မေ နှင့် ယခုဇွန်လအတွင်း ဒေသခံ ၄၀ ကျော် ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး အချို့မှာ လာဘ်ငွေပေး ပြန်လည် လွတ်မြောက်ကြသော်လည်း အများစုမှာ အမှုတပ် တရားစွဲဆိုခံထားရကြောင်း မြို့ခံများထံမှ သိရသည်။

ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းဆုကြည်၏ မွေးနေ့ပွဲ နှင့် ပန်းပန်သပိတ်ကို မြို့ရွာများအချို့ နှင့် တော်လှန် ရေးနယ်မြေအသီးသီးတွင် ကျင်းပကြသလို တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြင်သမျှ ပန်းဝယ် သူများ၊ ပန်းပန်ထားသူများနှင့် ပန်းစည်းကိုင်ဆောင်သူများကို စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး အဖမ်းဆီး ခံရသူ ၁၅၀ ကျော်ရှိကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူများတွင် ထင်ရှားကျော်ကြားသည့် အနုပညာရှင်များနှင့် နိုင်ငံရေး နောက်ခံ ရှိသူများ ပါဝင် ကြောင်းနှင့် ၎င်းတို့ကို အမှုတပ် တရားစွဲဆိုမည့် သတင်းများထွက်ပေါ်နေပြီး ကျန်ဒေသခံ ပြည်သူအချို့ ကို ခံဝန် ကတိလက်မှတ် ရေးထိုးခိုင်း၍ ပြန်လွတ်ပေးခဲ့ကြောင်းလည်း သိရသည်။

ကရင်ပြည်နယ် အခြေစိုက် ရှေ့နေကွန်ယက်အဖွဲ့ဝင်တစ်ဦးက “ကရင်မှာကတော့ သုံးဆူဘက်မှာ ပန်းလိုက် ဝေတယ်။ ပန်းပန်သပိတ်၊ အမေစုမွေးနေ့လုပ်ကြတယ်။ တော်လှန်ရေးအဖွဲ့တွေများတော့ စစ်တပ်က ဖမ်းတာ တော့မရှိဘူး။ ကော့ကရိတ်မှာတော့ ဖမ်းခံထိထားကြတယ်။ ဖားအံဘက်နဲ့ မြဝတီဘက်တော့ ဖမ်းဆီးသတင်း မသိရသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

လတ်တလောတွင် စစ်ကောင်စီအနေဖြင့် ကရင်ပြည်နယ်၏ မြို့နယ်အချို့တွင်သာ အုပ်ချုပ်စိုးမိုး ထားနိုင်သည့် အခြေအနေတွင်ရှိနေပြီး မြို့ပြင်နေရာများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်များ စစ်ရေးလှုပ်ရှားမှုရှိသည့်အတွက် လုံခြုံရေး၊ နယ်မြေထိန်းချုပ်နိုင်စွမ်း လျှော့နည်းလာနေပြီး စစ်ကောင် စီ အုပ်ချုပ်ရေးနေရာများ မတိုက်ခိုက်ခံရရေးအတွက် ကျေးရွာများဘက်သို့ လက်နက်ကြီး နေ့စဉ် ခြောက်လှန့် ပစ်ခတ်နေကြောင်း ဒေသခံစစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။