ဇွန်လ ၂၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယနေ့ နေ့လည် ၁နာရီဝန်ကျင်အချိန်တွင် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA)ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီလက်အောက်ခံတပ်တို့ အကြား တိုက်ပွဲပြင်းထန်နေကြောင်း မြို့ခံများထံမှသိရသည်။
ကော့ကရိတ်မြို့အဝင် ပုလဲဖြူလူမှုကယ်ဆယ်ရေးရုံးအရှေ့ သုသာန်တွင် တပ်စွဲထားသည့် စစ်ကောင်စီ လက် အောက်ခံတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး ယနေ့ညနေပိုင်းအထိ လက်နက်ကြီးသံများ ကြားနေရသေးကြောင်း ကော့ကရိတ်မြို့ခံတစ်ဦးကပြောသည်။
၎င်းက”တိုက်ပွဲဖြစ်တာက ပုလဲဖြူအရှေ့က သင်္ချိုင်းမှာဖြစ်တာ။ နှစ်ဖက်ပစ်ခတ်မှု အသံက တစ်နာရီလောက်မှာ စဖြစ်တာ။ ခုနကပဲအသံတိတ်တယ်။ နှစ်ဦးနှစ်ဖက်ပစ်ခတ်သံတော့တိတ်ပြီး။ ဒါပေမဲ့ (၉၇) ကတော့ အလုံးကြီး ထုနေတုန်းပဲ”ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ တိုက်ပွဲများ ပြင်းထန်မှုကြောင့် ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်း များတွင် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းလွတ်ပေးလိုက်ရကြောင်းလည်း ဒေသခံများကပြောသည်။
ဒေသခံတစ်ဦးက “ကျောင်းသားတွေအကုန်လုံးပြန်လာခိုင်းပြီး ကျောင်းသားမိဘတွေ သူတို့ကလေးတွေကို သွား လိုက်ကုန်ပြီး။ ကလေးတွေလည်း နေမရဲတော့ဘူ။ အရင်တစ်ခါတိုက်ပွဲ ဖြစ်တာလည်း ဆရာမတွေ ကလေး ကိုသွားကြိုခိုင်းတယ်။ အခုတိုက်ပွဲကတော်တော်လည်းကြာတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ကော့ကရိတ်မြို့ ပေါ်ရှိစစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း လက်နက်ကြီးများ အမြဲပစ်ခတ်လေ့ရှိပြီး ယခုတိုက်ပွဲပြင်းထန်မှုနှင့် စစ်ကောင်စီတပ်၏လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ် နေမှုကြောင့်လည်း ဒေသခံများ စိုးရိမ်မှုများရှိနေကြောင်း သိရသည်။



















