Home သတင်း မုန်းတွင် ကျေးရွာအတွင်း စစ်ကောင်စီတပ်စွဲနေထိုင်မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

မုန်းတွင် ကျေးရွာအတွင်း စစ်ကောင်စီတပ်စွဲနေထိုင်မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

530

ဇွန်လ ၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင် လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ရေတွင်းကုန်းကြီးကျေးရွာတွင် ယနေ့နံနက် ၅ နာရီဝန်း ကျင်ခန့်မှစ၍ စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲနေထိုင်မှုကြောင့် ဒေသခံများ ရွာလုံးကျွတ် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မုန်းမြို့ခံများက ပြောသည်။

အင်အား ၆၀ နီးပါးရှိသော ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရေတွင်းကုန်းကြီး ကျေးရွာမှတဆင့် နတ်သံကွင်းမြို့တောင်ဘက်ပိုင်းသို့ စစ်ကြောင်းဆက် လက်ချီတက်မည်ဆိုပါက နယ်မြေခံကာကွယ်ရေးတပ်များနှင့် စစ်ဖြစ်ပွားနိုင်မည့် အခြေအနေများကြောင့် အဆိုပါရွာခံများအပြင် ဥသျှစ်ကုန်း၊ သပြေကုန်းနှင့် အုန်းပင်စု ကျေးရွာများမှ သက်ကြီးရွယ်အိုများလည်း ထွက်ပြေးတိမ်းရှောင်ကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဲ့ဘက်ကရွာတွေကိုဝင်တာ ဒါနဲ့ဆို သုံးခါရှိပြီ။ ဒီတစ်ခါဝင်လာတာတော့ အဖမ်းအဆီးမရှိဘူး။ အရင်ဝင်တုန်းကတော့ ဒေသခံတွေကို ဖမ်းပြီး လူသားဒိုင်း လုပ်တာတွေ ဘာတွေရှိတယ်။ အခုတခေါက် ရေတွင်းကုန်းမှာ ဝင်ထိုင်နေတယ် ရွာခံတွေပြေးတာရွာလုံးကျွတ်ပဲ။ ဘေးရွာတွေမှာလည်း သန်သန်မာမာ ယောကျ်ားလေးပဲရှိတော့တယ်။ သက်ကြီးရွယ်အိုတွေတော့ နေရာရွှေ့ပြီ။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်စွဲထားသော ရေတွင်းကုန်းကြီးရွာတွင် အိမ်ခြေ ၈၀ နီးပါးနှင့် ဒေသခံပြည်သူ ၅၀၀ ခန့်ရှိ၍ ထိုသို့ ရွာအတွင်းဝင်ရောက်နေထိုင်မှုကြောင့် နှစ်ဖက်ပစ်ခတ်မှုများနှင့် နယ်မြေမတည်ငြိမ်မှုများ ထပ်မံဖြစ်ပွားမည်စိုးသဖြင့် ထိတ်လန့်ကြောက်ရွံ့နေရကြောင်း ဒေသခံများက ပြောသည်။

အခြား ရွာခံအမျိုးသားတစ်ဦးကလည်း “ဟိုးတစ်ခါ ဒီဘက်ရွာတွေကို ဝင်တုန်းက ပစ်ခတ်မှုတွေဖြစ်တယ်လေ။ ဒီအချိန်ထိတော့ ငြိမ်နေသေးတယ် ဆိုပေမယ့် ဘာဆက်ဖြစ်မယ်ဆိုတာ ရင်တထိတ်ထိတ်ပဲ။ ရှောင်နေကြတဲ့သူတွေကတော့ နီးစပ်ရာမှာ နေကြတယ်။” ဟု ပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ(၃၀)ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်နှင့်နတ်သံကွင်းမြို့သို့ ဆက်သွယ်ထားသောကားလမ်းရှိ လမ်းမီးတိုင်အား ပြုပြင်ရန် အကာအကွယ်အဖြစ် ဒေသခံအမျိုးသား(၁၇)ဦးအား စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဆိုပါနေ့ညနေပိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်း မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် မေလ(၂၉)ရက်နှင့်(၃၀)ရက်နေ့ကလည်း စစ်ကောင်စီ၏ခြေမြန်တပ်ရင်း ခမရ-၅၉၀ နှင့် ခမရ-၅၉၉ တို့မှ မုန်းမြို့နယ်အတွင်းရှိ မီးတိုင်တောကျေးရွာ၊ အောင်ချမ်းသာကျေးရွာ အစရှိသည့်ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးခြင်းများရှိခဲ့သလို ဒေသခံပြည်သူ လေးထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကေအဲန်ယူ၏ ညောင်လေးပင်ခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနက ဇွန်လ(၃)ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် ယခု ၂၀၂၃ခုနှစ်၊ ဇွန်လအစောပိုင်းအထိ နေရပ်စွန့်ခွာထွက်ပြေးနေရသော စစ်ဘေးရှောင်ဦးရေ သုံးသောင်းကျော်ရှိနေကြောင်း ကေအဲန်ယူ၏ အဆိုပါထုတ်ပြန်ချက်အရ သိရသည်။