ဇွန်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူပလာယာခရိုင်၊ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အမျိုးသား ညီညွတ်ရေးအစိုး(NUG)၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ပြုလုပ်လာ သည့် စစ်ကောင်စီတပ်နှင်ရဲများကို လစဉ်ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း ကြာအင်းဆိပ်ကြီး(ပအဖ)ထံ မှ သိရသည်။
ယခင် CDM ပြုလုပ်သည့် စစ်ကာင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် နှင့် ရဲတပ်ဖွဲ့ဝင် (၁၅) ဦးအပြင် နောက်ပိုင်းမှ CDMပြုလုပ်လာသည့်ရဲတပ်ဖွဲ့ဝင်(၇)ဦးကိုလည်း ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် (ပအဖ)မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ဦးငြိမ်းမင်းက ယခုလိုပြောသည်။

၎င်းက “NUGရဲ့ ပြည်သူ့ရင်ခွင်အဖွဲ့က လစဉ်တိုင်းပို့ပေးတဲ့ယခင် CDM ၁၅ယောက်က လွန်ခဲ့တဲ့ လေး ငါးလတုန်းက လစဥ်ထောက်ပံ့ငွေရတယ်။ တစ်ယောက်ကို ၇၀၀၀၀ကျပ်နှုန်းနဲ့။ ရဲ၇ ယောက်က အခုမှ စာရင်းအသစ်တင်ပေးလို့ ပထမဆုံးအကြိမ်ရတယ်”ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် ပြည်သူ့ရင်ခွင်ကော်မတီအဖွဲ့မှ CDM ပြုလုပ်လာသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ အပြင် မိသားစုဝင်များကိုပါ ထောက်ပံ့ငွေပေးအပ်သလို ၎င်းတို့ စားဝတ်နေရေးအတွက် ကေအဲန်ယူနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယခင်ကပင် ထောက်ပံ့ကူညီပေးထားကြောင်း ဦးငြိမ်းမင်းက ဆက်ပြောသည်။
“စစ်သားတစ်ယောက်CDMလုပ်ရင် သူ့မိန်းမနှင့်ကလေးပါရင် တစ်ဦးကို (၇၀,၀၀၀) ကျပ်စီရတယ်။ သူနဲ့အတူ ခို လှုံလာသူပါ ရတယ်။ KNU အဖွဲ့အစည်းသော်လည်းကောင်း PDFအဖွဲ့အစည်းကသော်လည်းကောင်း စားဝတ်နေ ရေး အတွက် ယခင်က ဒီလိုပဲကျွေးခဲ့မွေးခဲ့တာပေါ့” ဟု ဖြည့်စွက်ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း CDMပြုလုပ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် တပ်သားအဆင့်မှ ဗိုလ်မှူးအဆင့်ထိပါဝင်သလို ရဲတပ်ဖွဲ့ဝင်များတွင်လည်း တပ်သားမှ ဒု-ရဲအုပ်အဆင့်အထိပါဝင်ကြောင်း သိရ သည်။
အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM )ပြုလုပ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကောင်းမွန်စွာ ကြိုဆိုလက်ခံကာ ယင်းတို့၏စားဝတ်နေရေးအတွက်လည်း ပူစရာမရှိအောင်စီစဉ်ပေးနေကြောင်း နှင့် CDM ပြုလုပ်လာကြရန်လည်း လက်ကမ်းကြိုဆိုလျက်ရှိကြောင်း ကြာအင်းဆိပ် ကြီး(ပအဖ) အဖွဲ့ကပြောသည်။



















