Home သတင်း တပ်မ (၂၂)ဝင်း ဗုံးခွဲတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦးသေဆုံးပြီး (၁၀)ဦးခန့်ဒဏ်ရာရ

တပ်မ (၂၂)ဝင်း ဗုံးခွဲတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦးသေဆုံးပြီး (၁၀)ဦးခန့်ဒဏ်ရာရ

954
Photo-CJ

ဇွန်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့လယ်ခေါင်ရှိ စစ်ကောင်စီ၏ အမှတ်(၂၂) ခြေလျင် တပ်မဋ္ဌာနချုပ်ဝင်းကို ဇွန်လ ၂၈ရက်နေ့တွင် ဖားအံမြို့ပြပြောက်ကျားအဖွဲ့( Hpa An Guerilla Force-HGF )က (၂)ကြိမ်တိုင် ဗုံး ဖြင့်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးသေဆုံးပြီး (၁၀) ဦးခန့်ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု HGF အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ၂၈ ရက်၊ နေ့လည် ၁ နာရီအချိန်တွင် တပ်မ(၂၂) ဝင်းထဲကို မြို့ပြပြောက်ကျားအဖွဲ့ -HGFက (၁၀၇)မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ပြီးနောက် အဆိုပါ တပ်မ(၂၂)စခန်းဘေးတွင် ရပ်ထားသည့် HGF တပ်ဖွဲ့ကားကို လာရောက်စစ်ဆေးမှု ပြုလုပ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားမိုင်းဖြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်သည့်အတွက် ထိုသို့ ထိခိုက်သေဆုံးမှုရှိခြင်းဖြစ်ကြောင်း HGF အဖွဲ့က ဇွန်လ ၂၈ရက်နေ့၊ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ကားမိုင်းဖြင့်ဖောက်ခွဲခံရမှုတွင် တပ်မ(၂၂) အုတ်တံတိုင်း ပျက်စီးသွားခဲ့သလို ကားမိုင်းဖောက်ခွဲသည့်နေရာတွင် တပ်စခန်းနှင့် လူနေရပ်ကွက်ကြားရှိ လမ်းကြားပေါ်ဖြစ်သည့်အတွက် အနီးအနားရှိ ဒေသခံနေအိမ်တစ်လုံး လည်း အနည်းငယ်ထိမှန်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီ တပ်မ (၂၂)တပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ မြို့အဝင်အထွက်အားလုံး ပိတ်ဆို့စစ်ဆေးမှုပြုလုပ်သော်လည်း စစ်ဆင်ရေးပြုလုပ်သည့် မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင် အားလုံး လွတ်မြောက်နယ်မြေသို့ ဘေးကင်းစွာပြန်လည်ရောက်ရှိခဲ့သည်ဟု HGF ထုတ်ပြန်ထားသည်။

Photo-CJ

ထိုသို့ စစ်ဆင်ရေးပြုလုပ်ရာတွင် Hijet(ဟိုင်းဂျက်)ကားအမျိုးအစားအသုံးပြုခဲ့သည့်အတွက် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရှိ Hijet ကားများကို လိုက်လံဖမ်းဆီးစစ်ဆေးမှုပြုလုပ်နေကြောင်း မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ဗုံးပေါက်ပြီးနောက်နေ့မှာ ကားတွေတော်တော်များများ လိုက်စစ်ဆေးဖမ်းတယ်။ အရင်တုန်းကလည်း စစ်ဆေး တယ်။ ဒါပေမယ့် Hijet ကားအဖြူတွေလည်း တော်တော်လိုက်ဖမ်းတယ်။ သူတို့ထုံးစံအတိုင်းပဲ။ တစ်ခုခုဖြစ်ရင် စစ်ဆေးတာတွေကြမ်းတာကလေ။”ဟု ၎င်းမြို့ခံက ကေအိုင်စီသို့ ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဩဂုတ်လကလည်း အဆိုပါ တပ်မ (၂၂) အုတ်တံ တိုင်းဘေးတွင် ချိန်ကိုက်ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။ အဆိုပါ ဖားအံမြို့ပြပြောက်ကျားအဖွဲ့ -HGF သည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့တွင်လည်း ဖားအံမြို့အဝင်တစ်နေရာတွင် စစ်ကောင်စီ၏ FAWကားတစ်စီးကို ဗုံးခွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးသည်။

စစ်ကောင်စီလက်အောက်ခံတပ်များကို ဆက်လက်တိုက်ခိုက်ရန်ရှိသည့်အတွက် စစ်ကောင်စီ တပ်စခန်း များအနီးတွင် လူထုများအနေဖြင့် သွားလာလှုပ်ရှားမှုမပြုရန် ဖားအံမြို့ပြပြောက်ကျားအဖွဲ့- HGF က သတိပေးထုတ်ပြန်ထားသည်။