Home သတင်း စစ်ကောင်စီနှင့် PPST တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ဘုံသဘောတူညီချက်များ လက်မှတ်ရေးထိုး

စစ်ကောင်စီနှင့် PPST တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ဘုံသဘောတူညီချက်များ လက်မှတ်ရေးထိုး

698
Photo-NCA-S EAO (ပုံဟောင်း)

ဇွန်လ ၃၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကော်မတီ-NSPNC နှင့် NCA အပစ်ရပ်အဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ဦးဆောင်အဖွဲ့-PPST တို့ ပြီးခဲ့သည့် ဇွန်လ(၂၆) ရက်မှ(၂၈)ရက်နေ့အထိ နေပြည်တော်တွင်ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် ဘုံသဘောတူညီ ချက်များအား လတ်မှတ်ရေးထိုးခဲ့ကြကြောင်း PPST က ဇွန်လ(၂၈)ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ဆွေးနွေးပွဲတွင် PPST မှ အပစ်ရပ်အဖွဲ့(၅)ဖွဲ့၏ ကိုယ်စားလှယ်များပါဝင်သော (Delegation of 5 PPST’s Members- D5PM)အဖွဲ့အဖြစ် ဖွဲ့စည်းတက်ရောက်ခဲ့ပြီး ယခု ဇွန်လ (၁၇)ရက်နေ့က ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးမှရရှိသည့် ဘုံသဘောတူညီချက်များအား မွမ်းမံပြင်ဆင်အတည်ပြုခြင်းအပါအဝင် PPST ၏ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ယခင်ချမှတ်ထားသောမူဝါဒများအား ဆွေးနွေးတင်ပြခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ထုတ်ပြန်ချက်တွင် စစ်ကောင်စီဘက်မှ ၂၀၀၈ အခြေခံဥပဒေမှ ပြင်ဆင်လိုသော အချက်များအားအကြံပြုခြင်း၊ ယခင်ဆွေးနွေးချက်များအား အကောင်အထည်ဖော်ရေး၊ ငြိမ်းချမ်းရေးညီလာခံကျင်းပခြင်းနှင့် ဒေသတွင်းငြိမ်း ချမ်းရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး၍ နှစ်ဖက် သဘောတူညီချက်များအား လတ်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ အကြောင်းအမျိုးမျိုးကြောင့် PPST အဖွဲ့ဝင်(၅)ဖွဲ့ သာ တက်ရောက်ခဲ့သော်လည်း ဆွေးနွေးပွဲမှရရှိလာသောရလဒ်များအား အဖွဲ့ဝင်များသို့ ဆက်လက်အသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း PPST ကိုယ်စားလှယ်အဖွဲ့-D5PM ၏ အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ထားသော ဗိုလ်မှူးကြီးခွန်ဥက္ကာက ပထမနေ့ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောဆိုထားသည်။

ထိုဆွေးနွေးပွဲတက်ရောက်သည့် PPST ကိုယ်စားလှယ်အဖွဲ့-D5PM တွင် ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(AL P)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC ) တို့ပါဝင်သလို အဖွဲ့တစ်ဖွဲ့စီမှ ကိုယ်စားလှယ်(၃)ဦးကျဖြင့် စုစုပေါင်း (၁၅)ဦးရွေးချယ်၍ အဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဒုတိယခေါင်းဆောင်/ပြောရေးဆိုခွင့်ရှိသူအဖြစ် စောမြရာဇာ လင်း၊ ဒုတိယအဖွဲ့ခေါင်းဆောင်(၂)အဖြစ် ဗိုလ်မှူးချုပ် စောစိန်ဝင်းတို့ကို တာဝန်ပေးခဲ့ကြောင်း သိရှိရသည်။

မူလ PPST တွင် အဖွဲ့ဝင်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့ ပါဝင်ခဲ့သော်လည်း လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး-KNU၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ-RCSSနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF တို့က အဖွဲ့ဝင်အဖြစ်မှနုတ်ထွက်ခဲ့ကြသလို ပြီးခဲ့သည့် လပိုင်းကလည်း မွန်ပြည်သစ်ပါတီ-NMSP က တင်းပြည့်ကြပ်ပြည့်ပါဝင် သောအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်စာတင်ထားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီနှင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း တိုင်းရင်းသားနယ် မြေများတွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံလူထုထိခိုက် သေဆုံးမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။