Home သတင်း ဖာပွန်ဒေသတွင် တစ်ပတ်တစ်ရက်သာ စက်လှေဖြင့်စားနပ်ရိက္ခာသယ်ယူခွင့်ရသည့်အတွက် ခက်ခဲမှုများရှိနေ

ဖာပွန်ဒေသတွင် တစ်ပတ်တစ်ရက်သာ စက်လှေဖြင့်စားနပ်ရိက္ခာသယ်ယူခွင့်ရသည့်အတွက် ခက်ခဲမှုများရှိနေ

915
Photo-CJ

ဇွန်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖာပွန်−ကမမောင်းမြို့ဘက်တွင် ယခုဇွန်လ ၂၀ ရက်နေ့မှစ၍ စားနပ်ရိက္ခာများကို ရေလမ်း ကြောင်းဖြင့် တစ်ပတ်လျှင်တစ်ရက်နှုန်းသာ သယ်ယူခွင့်ရရှိသည့်အတွက် ခက်ခဲမှုများရှိနေကြောင်း ဖာပွန် ဒေသခံများက ပြောသည်။

အဆိုပါဒေသတွင် နယ်ခြားစောင့်တပ် (BGF) တပ်များနှင့် စစ်ကောင်စီတပ်များက ကုန်းလမ်းပိုင်းကိုပိတ်ဆို့ထား ပြီးစက်လှေဖြင့် ရိက္ခာသယ်ယူခွင့်ပေးထားသော်လည်း ဒေသခံရွာသားများမှာ မိမိစက်လှေအသုံးပြုခွင့်မရကြဘဲ BGF၊ စစ်ကောင်စီတို့နှင့် နီးစပ်သည့် စက်လှေများသာ အသုံးပြုခွင့်ပေးထားသောကြောင့် ကုန်စျေးနှုန်းများ အဆမ တန် မြင့်တက်နေသလို ဆန်ရှားပါးသည့် အခက်အခဲများရင်ဆိုင်နေကြရကြောင်း ဖာပွန်ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ဆန်သယ်တာကတော့ စက်လှေနဲ့တစ်ပတ်တစ်ရက်သွားတယ်။ ဒါပေမဲ့လည်း ရွာထဲမှာရှိတဲ့ စက်လှေတွေ တော့ သွားလို့မရဘူး။ ဖာပွန်အောက်ကရှိတဲ့ ရွာတွေထဲက စက်လှေတွေပဲ သွားလို့ရတယ်။ တစ်ပတ်တစ်ခါ ပစ္စည်း ဝင်တယ်။ ဒါပေမဲ့အများကြီးတော့ မဟုတ်ဘူးပေါ့။ ဥပမာ စက်လှေတွေသွားဖို့က ကေအဲန်ယူက ခွင့်ပြုပေးပြီး စကစတို့ BGF တို့က ခွင့်မပြုရင်သွားလို့မရပြန်ဘူး။ အခက်အခဲတွေရှိတယ်။ ဆန်တွေက စျေးကြီးတာပေါ့။ အခု ဆန်ကြမ်းတစ်အိတ် ၁ သိန်းကဝယ်မယ့်သူရှိတယ်။ ရောင်းပေးမယ့် လူမရှိဘူး”ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီလမှစ၍ ဖာပွန်−ကမမောင်းလမ်းပိုင်းတစ်လျှောက်ကို စစ်ကောင်စီနှင့် (BGF)တပ်ဖွဲ့တို့က အခြေခံ စားသောက်ကုန်အများအပြား သယ်ယူခြင်းကို တစ်လလျှင် ၅ ရက်ခန့် သယ်ယူခွင့်ပေးထားရာမှာ လက်ရှိတွင် လမ်းအသစ်ကိုသာ ပြောင်းလဲအသုံးပြုခွင့်ပေးထားပြီး အဆိုပါ ပြောင်းလဲအသုံးပြုသည့် လမ်းပိုင်းမှာလည်း ပျက်စီးနေသောကြောင့် ရိက္ခာသယ်ယူရန် ရေလမ်းကြောင်းကိုသာ အဓိက အားထားအသုံးပြု သယ်ယူနေရခြင်းဖြစ်သည်ဟု ဖားပွန်ဒေသခံများက ပြောဆိုသည်။

ထိုသို့ ဖာပွန်မြို့သို့ စားသောက်ကုန်များသယ်ဆောင်ရာတွင် ၎င်းမြို့နှင့်နီးစပ်သည့် ကမမောင်း၊ ကတိုင်တိ နှင့် ဖားအံစသည့်နေရာများထက် ကုန်စျေးနှုန်းနှစ်ဆစျေးမြင့်တက်သည်ဟုလည်း နောက်ထပ်ဖာပွန်မြို့ခံ တစ်ဦးက လည်း ယခုလိုပြောသည်။

“သွားယူတဲ့ ဖားအံတို့၊ ကတိုင်တိတို့ နေရာမှာကြက်သွန်နီ ၁ ပိဿာ နှစ်သောင်းဆိုရင် ဒီအရောက်သယ်ခက လေး သောင်းဖြစ်သွားပြီး။ ဒီဘက်မှာက ကြက်သွန်နီက ၁၀ ပိဿာအိတ်တွေလေ၊ ကြက်သွန်နီ ၁ ပိဿာက ကမ မောင်းမှာ နှစ်သောင်းလောက်ပဲပေါက်တယ်။ အဲ့ဒါကျမတို့ဆီရောက်ရင် လေးသောင်းခွဲဖြစ်သွားပြီး။ တင်ခက ပစ္စည်းခထက်ပိုပြီးများနေတယ်”ဟု ၎င်းဒေသခံက ပြောသည်။

အလားတူ ဖာပွန်−ကမမောင်းဒေသတွင် စစ်ကောင်စီတပ်၊ BGF တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်များအကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေလျက်ရှိပြီး ၎င်းဒေသတွင် အင်တာနက်လိုင်း ပြတ်တောက်မှု၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ခံထားရမှုနှင့် စားနပ်ရိက္ခာသယ်ယူရမှု စသည့်အခက်အခဲများရှိ နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။