Home သတင်း စစ်အုပ်စု၏ ရက် (၁၀၀) စီမံချက်ကာလအတွင်း အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေဟု KNU ထောက်ပြ

စစ်အုပ်စု၏ ရက် (၁၀၀) စီမံချက်ကာလအတွင်း အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေဟု KNU ထောက်ပြ

11

ဩဂုတ် ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရက လူသိရှင်ကြား ကြေညာထားသည့် ရက် (၁၀၀) လုပ်ငန်းစီမံချက်ပါ ကတိကဝတ်များသည် မြေပြင်လက်တွေ့ အခြေအနေများနှင့် လုံးဝ ကွဲလွဲ နေရုံမျှမက အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်မှုများကို ပိုမို လုပ်ဆောင် နေကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာ၌ ထောက်ပြပြောဆိုလိုက်သည်။

စစ်အုပ်စုက စီစဉ်ကျင်းပခဲ့သည့် အတုယောင်ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော စစ်ခေါင်း ဆောင်၏ ရက် (၁၀၀) စီမံချက်ပါ ကတိကဝတ်များနှင့် မြေပြင် ကွာဟချက်များကို ထောက်ပြသည့် ကော်သူးလေဒေသအတွင်း စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ KNU လူ့အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် သုတေသနလုပ်ငန်းကော်မတီတို့က ယနေ့ (ဩဂုတ်လ ၁၉ ရက်) တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရက် (၁၀၀) ကာလအတွင်း ကော်သူးလေ ဒေသအတွင်း စစ်အုပ်စု ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအဖြစ် လေကြောင်း တိုက် ခိုက်မှု ၂၂၈ မှု၊ လက်နက်ကြီး ပစ်ခတ်မှု ၁၂၉ မှု၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၁၀၃ မှု၊ မီးရှို့ဖျက်ဆီးမှု ၁၂ မှုနှင့် အခြားကျူးလွန်မှု ၁၇ မှု ရှိခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

အဆိုပါ ကျူးလွန်မှုများကြောင့် အရပ်သား ၄၄ ဦး သေဆုံးကာ ၃၄ ဦး ဖမ်းဆီးခံခဲ့ရသည့်အပြင် လူနေအိမ် ၃၆လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၈ ကျောင်း၊ ဆေးရုံ ၅ လုံး၊ ဆေးခန်း ၁ လုံးနှင့် ခရစ်ယာန် ဘုရားကျောင်း ၂ ကျောင်း ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခံခဲ့ရသည်။

KNU လူ့အခွင့်အရေးကော်မတီဥက္ကဋ္ဌ ပဒိုစောအယ်ထူးက “ စစ်အုပ်စုက တစ်ဖက်မှာ လူထုတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး တစ်ဖက်မှာတော့ သူတို့ဒေသမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ပြတာ ။ ဒါက သူတို့ဒေသမှာ ငြိမ်းချမ်းကြောင်း အယောင်ဆောင်ပြပြီး လုပ်ပြနေတယ်။ ဒါက လူထုကို အယောင် ပြပြီးတော့မှ လှည့်စားတဲ့သဘောတရားတွေဖြစ်တယ် “ ဟု ကေအိုင်စီ ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

ထို့အပြင် စစ်အုပ်စု၏ အရပ်သားများအပေါ် ပစ်ခတ်တိုက်ခိုက်မှုများသည် မှားယွင်းတိုက်ခိုက်မိခြင်းမျိုး မဟုတ်ဘဲ တော်လှန်ရေးတပ်ဖွဲ့များအပေါ် ဖိအားပေးရန်အတွက် ပြည်သူများကို ဓားစာခံအဖြစ် အသုံးချ ကာ ခြိမ်းခြောက်ပစ်ခတ်နေခြင်းဖြစ်သည်ဟုလည်း KNU အစီရင်ခံစာက ထောက်ပြထားသည်။

အဆိုပါ ရက် (၁၀၀) ကာလအတွင်း ကော်သူးလေ ဒေသထဲ၌ ကလေးသူငယ်များအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများမှာလည်း ဆက်တိုက်ဆိုသလို ပြင်းထန်နေပြီး ကျူးလွန်မှု ဖြစ်စဉ် ၁၄ ခုအတွင်း ကလေးသူငယ် ၈ ဦးသေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အာဆီယံ၊ အိမ်နီးချင်း နိုင်ငံများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အလှူရှင်များ အနေဖြင့် စစ်အုပ်စု၏ ဝင်ရောက် စွက်ဖက်မှုမရှိသည့် နယ်စပ်ဖြတ်ကျော် လူသားချင်း စာနာထောက်ထားမှု အကူ အညီများကို တိုးမြှင့် ပေးအပ်ရန်နှင့် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်အပေါ် အကောင် အထည်ဖော် ဆောင်ရွက်မှုများကို ပိုမို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် KNU လူ့အခွင့်အရေး ကော်မတီက တိုက်တွန်းထားသည်။