Home သတင်း မြဝတီ၊ သင်္ဃန်းညီနောင် ပြန်လည်ထူထောင်ရေး ရန်ပုံငွေထောက်ပံ့ရန်လျာထားဟု ပြည်နယ်အစိုးရပြော

မြဝတီ၊ သင်္ဃန်းညီနောင် ပြန်လည်ထူထောင်ရေး ရန်ပုံငွေထောက်ပံ့ရန်လျာထားဟု ပြည်နယ်အစိုးရပြော

12
Photo: CJ

ဩဂုတ် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာတွင် စစ်ရေးပဋိပက္ခများကြောင့် ပျက်စီးသွားသည့် လူနေအိမ်များ ပြန်လည်ထူထောင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြု ရန်ပုံငွေဖြင့် ထောက်ပံ့ပေးရန် လျာထားကြောင်း စစ်အုပ်စု၏ ကရင်ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

ဩဂုတ်လ(၁၈)ရက်နေ့ကပြုလုပ်ခဲ့သည့် ကရင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းထွေးက သင်္ဃန်းညီနောင်ကျေးရွာ ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍မေးမြန်းမှုကို ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နေအိမ်များ ပြန်လည်တည်ဆောက်/ပြုပြင်ခြင်း၊ သောက်သုံးရေ၊ အိမ်သာ၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ၂၀၂၆/၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြု ရန်ပုံငွေ ထောက်ပံ့ပေးရန်လျာထားကြောင်း ပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။

ကနဦးအနေဖြင့်မူ သက်ဆိုင်ရာကော်မတီများကိုဖွဲ့စည်းပြီး လွှတ်တော်နှင့် ခရိုင်/မြို့နယ်တို့မှ သင်္ဃန်းညီနောင်ရွာ ပြန်လည်ထူထောင်ရေး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Photo: CJ

ထို့အပြင် လက်ရှိတွင် ကျေးရွာအတွင်း ဒေသခံ ၅၀ ရာခိုင်နှုန်းခန့် ပြန်လည်ဝင်ရောက်နေထိုင်နေသော်လည်း ပြန်လည်ထူထောင်ရေးလုပ်ရန် မိုင်းရှင်းလင်းရေးနှင့် လုံခြုံရေး ကျန်ရှိနေသေးသည်ဟု ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

၎င်းတို့အနေဖြင့် သင်္ဃန်းညီနောင်မှ မြဝတီမြို့ပေါ်သို့ တိမ်းရှောင်လာသည့် စစ်ဘေးရှောင် ၂၉၆ ဦး ကို တစ်လ ကျပ်နှစ်သောင်းနှုန်းဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ထောက်ပံ့ပေးခဲ့ကြောင်းလည်း ထည့်သွင်းဖြေကြားသွားသည်။

သင်္ဃန်းညီနောင်ကျေးရွာသည် မြဝတီမြို့နယ်အတွင်း အာရှလမ်းမကြီးပေါ်တွင်ရှိသည့် စစ်ရေးအရ အရေးပါသောကျေးရွာတစ်ခုဖြစ်သလို KNLA ပူးပေါင်းတပ်များကလည်း စစ်အုပ်စုတပ်စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့ရာတွင် နယ်မြေစိုးမိုးရေးအတွက် စစ်အုပ်စုပြန်လည်ထိုးစစ်ဆင်လာပြီးနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ရာ ၂၀၂၃ ခုနှစ်ကတည်းက ဒေသခံများစစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။

စစ်ဘေးမရှောင်ရခင်က သင်္ဃန်းညီနောင်ကျေးရွာတွင် အိမ်ခြေ (၈၀၀)ကျော်ဖြင့် လူဦးရေ (၅၀,၀၀၀)နီးပါး မှီတင်းနေထိုင်ခြင်းရှိခဲ့ကြောင်း သိရသည်။