ဩဂုတ် ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်/ဖာပွန်ခရိုင်၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်မြို့သို့ စစ်ကူတက်လာသည့် စစ်အုပ်စုစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ထံမှ လက်နက်များ သိမ်းဆည်း ရမိခဲ့ကြောင်း ကေအဲန်ယူ-တပ်မဟာ(၅)ထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့တွင် ဖာပွန်ဘက်သို့ စစ်ကူပေးရန် တက်လာသော စစ်အုပ်စုတပ်ဖွဲ့ စစ်ကြောင်းကို ဝါးသိုးခိုကျေးရွာအနီးတွင် KNLA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုထံမှ သေနတ် ၈ လက် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်ဟု ကေအဲန်ယူဘက်က ပြောသည်။
“ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်။ ဒီသုံးလေးရက်ထဲမှာ များသောအားဖြင့် သူတို့အပစ်ခံနေရတာ။ ၁၆ ရက်နေ့က အဲ့ဒီ ဝါးသိုခို့မှာ ကျနော်တို့လူတွေ ဝင်ပစ်တော့ သေနတ် ၈ လက် ရသွားတယ်” ဟု မူတြော်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောရော်ဘင်မူးက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စစ်အုပ်စုစစ်ကြောင်းသည် လက်ရှိ ဖားလုံးဒေသတွင် ပိတ်မိနေပြီး အဆက်မပြတ် တိုက်ခိုက်ခံနေရသည့်အတွက် ရှေ့သို့ ဆက်လက် မတိုးနိုင်ဘဲ ရက်ခြားမှသာ အနည်းငယ်စီ တိုးနိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု မူတြော်ခရိုင်ဘက်က ဆိုသည်။
စစ်အုပ်စုမှာ ဖာပွန်မြို့ကို ထိန်းချုပ်ရန်နှင့် ဖာပွန်ဗျူဟာကုန်းသို့ စစ်ကူပေးရန် ပြီးခဲ့သည့် မေလမှ စတင်ကာ ဖာပွန်-ကမမောင်းလမ်းကြောမှတစ်ဆင့် အင်အားအများအပြား အသုံးပြု၊ စစ်ကြောင်းခွဲတက်လာခြင်းဖြစ်သည်။ စစ်ကူ လမ်းတစ်လျှောက်တွင်လည်း ဒေသခံလူထု နေထိုင်သည့် ကျေးရွာများသို့ ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းရှိသည်။



















