ဇွန်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ထိုင်းဘတ်ငွေစျေး မြင့်တက်လာနေသည့်အတွက် ဂျပန်တပတ်ရစ် လိုင်စင်မဲ့ကားစျေးနှုန်း မြင့် တက်လာ နေခြင်းကြောင့် ကားအရောင်းအဝယ် စျေးကွက်တွင် အရှုံးပေါ်ခြင်းများရှိနေကြောင်း မြဝတီ-မဲဆောက် ကားရောင်းဝယ်ရေးလုပ်နေသူများ ပြောစကားအရ သိရသည်။
“မြန်မာတစ်သိန်းကို ထိုင်းဘတ်တစ်ထောင့်တစ်ရာနှစ်ဆယ်အထိကျဆင်းနေတယ်။ ဆက်လည်းကျမယ့် သဘောရှိတယ်၊ ကားမှာတာ အော်တာတင် ငွေလွှဲဝင်ပြီးသားကားတွေဘတ်စျေးတက်တော့ ငွေက ကွာ သွားတယ်၊ ဝယ်သမားကို ကားဝယ်ပေးဖို့ သူတို့ လွှဲပေးတဲ့ မြန်မာငွေကနေ ထိုင်းဘတ်ငွေနဲ့ လဲလှယ်ပြီး ဝယ်ပေးရတာဆိုတော့ အရှုံးပေါ်တာမျိုးရှိနေတယ်”ဟု မြဝတီအခြေစိုက်လိုင်စင်မဲ့ကားဝယ်ရောင်း လုပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
လတ်တလော အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မှုအဖြစ် စစ်ကောင်စီ နိုင်ငံခြားငွေဖြင့် လည်ပတ် သည့် စီးပွားရေးဘဏ်ကြီး ၂ခုအား ပိတ်ဆို့အရေးယူပြီးသည့်နောက်ပိုင်း မြန်မာပြည်တွင်း အမေရိကန် ဒေါ်လာနှင့် ရွှေစျေးများ မြင့်တက်လာနေသည့် အခြေအနေကြောင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းကာ သွင်းကုန်ပို့ကုန်လုပ်ငန်းများ ရပ်ဆိုင်းနှောင့်နှေးကုန်ကြောင်း ထိုင်း-မြန်မာ နယ်စပ် စီးပွားရေး ကုန်သည်များ အသိုင်းအဝိုင်းမှ သိရသည်။
မြဝတီကုန်သည်တစ်ဦးက “အခုက ဒေါ်လာလည်း စျေးတက်၊ ရွှေစျေးလည်းတက်တော့ နယ်စပ်မှာ ကုန်သွယ်ရေး ကိစ္စတွေလုပ်ဖို့ ဒေါ်လာငွေသွင်းဖို့ အပြင်မှာဝယ်လို့ မရဘူး။ ငွေစျေးတအား မြင့်နေတယ်။ တစ်ဒေါ်လာကို မြန်မာငွေ ၃၀၀၀ ထောင်စျေးပေးဝယ်တာ တောင်မရဘူး၊ မရောင်းရဲကြဘူး။ အခုက ထိုင်းဘက်ကုန်သည်တွေ၊ ဂျပန်ဘက်က ကားကုန်သည်တွေကို ဘတ်ငွေ၊ ဒေါ်လာငွေ လွှဲဖို့ ခက်နေတယ်။” ဟု ပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန်-မြဝတီ ကုန်သွယ်ရေး လမ်းကြောင်း တစ်လျှောက် ဖားအံ ၊ မြဝတီ နှင့် ဘီးလင်း၊ ကျိုက်ထို၊ ဝေါ မြို့နယ်ဘက်တွင် စစ်ကောင်စီတပ်နှင့် စစ်အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲ ဝင်နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ၊ ဒေသ တော်လှန် ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
အဆိုပါ ဖြစ်စဥ်များကြောင့် ပြည်တွင်းသို့ ကုန်စည်ပို့ဆောင်သည့် ကုန်ကားလမ်းကြောင်း၊ လိုင်စင်မဲ့ကား ပို့ဆောင်သည့် လမ်းကြောင်းများအား စစ်ကောင်စီက အစစ်အဆေးတင်းကြပ်စစ်ဆေးနေသောကြောင့် သယ်ယူပို့ဆောင်ရေးခက်ခဲနေကြောင်း ကုန်ကားသမားများက ပြောဆိုကြသည်။



















