Home သတင်း ကော့ကရိတ်မြို့အနီး ဒေသခံများ လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် မဝံ့မရဲဖြစ်နေ

ကော့ကရိတ်မြို့အနီး ဒေသခံများ လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် မဝံ့မရဲဖြစ်နေ

531
Photo-KIC

ဇွန်လ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးအနားဝန်းကျင်တွင် စစ်‌ကောင်စီတပ်နှင့် နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တို့ကြား တင်းမာမှုများဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီတပ်က အမြဲလိုလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသဖြင့် ဒေသခံပြည်သူများသည် လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် မဝံ့မရဲဖြစ်နေကြောင်း ဒေသခံများကပြောသည်။

ယခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်ဘက်က လက် နက်ကြီးများ ပစ်ခတ်မှုအမြဲလိုလို လုပ်ဆောင်နေသဖြင့် ဒေသခံရွာသားများမှာ လယ်ယာထဲဆင်းပြီး လုပ်ကိုင်၍မရဲကြကြောင်း ကော့ကရိတ်မြို့ မြောက်ပိုင်းဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ကြောင်လျှာကုန်း၊ တနင်မူး၊တောင် ကြား၊ ပျားပင်စတဲ့ရွာတွေဒီနှစ်တော့လယ်လုပ်မရဲဘူး။ စစ်ကောင်စီကမနက်တစ်‌ခေါက် ညတစ်‌ခေါက်လက်နက်ကြီးအမြဲပစ်တာပဲ။ တောင်ကြား‌မှာဆို စစ်ကောင်စီတွေလက်နက်ကြီးပစ်တာအမြဲတမ်းကျတယ်။ ရွာထဲမှာတောင်နေမရဲကြဘူး။”ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါကော့ကရိတ်မြို့နယ်ရှိဒေသခံအများစုသည် လယ်ယာလုပ်ကိုင်ခြင်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုကြပြီး ယခုလိုလက်ယာလုပ်ငန်းလုပ်ကိုင်၍ အဆင်မပြေသဖြင့် စားနပ်ရိက္ခာ ကြုံလာမည်ကို စိုးရိမ်နေကြကြောင်း ကော့ကရိတ်မြို့ တောင်ပိုင်းဒေသခံတစ်ဦးကလည်း ယခုလို ပြောသည်။

“ရွာမှာက လယ်လုပ်တဲ့သူတွေချည်းပဲ။ ရှေ့တန်းမှာရှိတဲ့တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ကို သွားမပစ်ရင်နည်းနည်း‌တော်တယ်။ တစ်ချက်နှစ်ချက်သွားပစ်ရင် ကျနော်တို့လက်နက်ကြီး ဒဏ်ခံ‌နေရပြီး။ ‌လယ်လုပ်ရတာအခက်အခဲအများကြီးရှိတယ်။ နောက်နှစ်အတွက် ဘယ်လိုစားရမလဲမသိဘူး”ဟု ပြောသည်။

ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် ကော့ကရိတ်မြို့အနီးအနားဝန်းကျင်တွင် နေထိုင်ကြသော ဒေသခံများသည် လယ်ယာလုပ်ငန်း လုပ်ကိုင်ရန်အခက်အခဲရှိနေကြရသလို တိုက်ပွဲကြောင့် စစ်‌ဘေးရှောင်နေရသည့် ဒေသခံများလည်း စစ်ရှောင်ကာလကြာလာသည်နှင့်အမျှ နေရာထိုင်ခင်းနှင့် စားရေးသောက်ရေး အခက်အခဲကြုံနေကြရသည်ဟု သိရသည်။