Home သတင်း စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း အမျိုးသမီးနှင့်ကလေးငယ် ၆ ဦး ထိခိုက် ဒဏ်ရာရ

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း အမျိုးသမီးနှင့်ကလေးငယ် ၆ ဦး ထိခိုက် ဒဏ်ရာရ

565

ဇွန်လ ၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁)ထိန်းချူပ်နယ်မြေ သထုံခရိုင် ဘီးလင်းမြို့ရှိ ရွှေရောင်ပြကျေးရွာနှင့် အလူးလေးအနောက်ရွာတို့တွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ်၏လက် နက်ကြီးပစ်ခတ်မှုများကြောင့် ရွာခံအမျိုးသမီး(၃)ဦးနှင့် အသက်ဆယ့်ရှစ်နှစ်အောက် ကလေး ငယ်(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းက အလုံတောင်ဘုရားကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၈)မှ လက်နက်ကြီး(၅)လုံးထက်မနည်း ပစ်ခတ်ခဲ့သဖြင့် အလူးအနောက်ရွာလေးရွာရှိ ဒေသခံ အမျိုးသမီးတစ်ဦး လက်မောင်းထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ကြီးနှစ်လုံး ရွာထဲကျတာ အိမ်တွေပျက်စီးတာမရှိပေမယ့် မမိုးဆန်း (ရွာခံအမျိုးသမီးတစ်ဦး)ကတော့ လက်မောင်းကျည်စထိမှန်ဒဏ်ရာရသွားတယ်။” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့လက်နက်ကြီးမပစ်ခတ်ခင် ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ အလူးကျေးရွာအနီးရှိ စစ်ကောင်စီယာဥ်တန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း(၃)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်က ကျေးရွာများ ဘက်သို့ လက်နက်ကြီးများ ပစ်ခတ်မှုလုပ်ဆောင်လာခြင်းဖြစ်ကြောင်း နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းက “ယာဥ်တန်းမိုင်းဆွဲတာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးကို မသိရသေးဘူး။ အဲ့ဒါပြီးတော့ လက်နက်ကြီးလျှောက်ရမ်းပစ်တာ အဘိုင်းရွာနဲ့သပြေနီရွာထဲလည်းကျတယ်။ အလူးရွာ ဘက်လည်း ကျတယ်။ အဲဒီက ဒေသခံတစ်ယောက် ထိခိုက်ဒဏ်ရာရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ယမန်နေ့ ဇွန်လ(၁)ရက်နေ့ ည ဆယ်နာရီဝန်းကျင်တွင် ဗိုလ်မှူးဟန်ဝင်းအောင် ဦးစီးသော စစ်ကောင်စီအမြှောက်တပ်ရင်း(၃၁၄)မှ အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်ခဲ့ရာ ရွှေရောင်ပြကျေးရွာ စာသင်ကျောင်းအရှေ့ဖက်ရှိ နေအိမ်အနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲသည်။ အဆိုပါ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုအတွင်း အသက်(၅၄)နှစ်နှင့်(၃၁)နှစ်အရွယ် အမျိုးသမီး နှစ်ဦးနှင့် မိသားစုဝင်များဖြစ်သော အသက်(၁၂)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ အသက်(၈)နှစ်နှင့်(၃)နှစ်အရွယ် ယောကျ်ားလေးနှစ်ဦး စုစုပေါင်း(၅)ဦး ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း ကေအဲန်ယူမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ၁၂၀ မမ လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်တာပါ။ ရွာခံအမျိုး သမီးတစ်ယောက်ကတော့ ဦးခေါင်းကိုလက်နက်ကြီးထိတာ လောလောဆယ် စိုးရိမ်ရတဲ့ အနေ အထားရှိတယ်။ ဒီရက်ပိုင်း စစ်တပ်က လက်နက်ကြီးကို ရွာတွေဘက်လှည့်ပြီး နေ့တိုင်း ညတိုင်းနီးပါးပစ်ခတ်နေတာ” ဟု ပြောသည်။

အဆိုပါလက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်(၁)လုံးကျည်စထိမှန်ပျက်စီးခဲ့သလို ရွာခံအချို့ နေရပ်ရွှေ့ပြောင်းနေထိုင်ကြကြောင်း ဒေသခံများက ပြောသည်။

ထို့အတူ ပြီးခဲ့သည့် မေလ(၂၇)ရက်နေ့က ရွှေရောင်ပြကျေးရွာအုပ်စုရှိ အဝင်းကြီးကျေးရွာအတွင်းသို့ အဆိုပါ စစ်ကောင်စီအမြှောက်တပ်ရင်း(၃၁၄)မှ လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် ကျေးရွာ ဘုန်းကြီး ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ သံဃာတော်(၃)ပါးနှင့် ဒေသခံ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။