Home သတင်း ဒုံသမိချောင်းတံတား စစ်ဆေးရေးဂိတ်စခန်း ၂ ခု တပြိုင်တည်းတိုက်ခိုက်ခံရ၊ စစ်နှင့်ရဲဖက်ဆိုင်ရာ တပ်ဖွဲ့ဝင်(၃၀)ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဒုံသမိချောင်းတံတား စစ်ဆေးရေးဂိတ်စခန်း ၂ ခု တပြိုင်တည်းတိုက်ခိုက်ခံရ၊ စစ်နှင့်ရဲဖက်ဆိုင်ရာ တပ်ဖွဲ့ဝင်(၃၀)ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

871
Photo-KNU

ဇွန်လ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ ဖားအံမြို့နှင့် သထုံမြို့ အစပ်၊ ဒူးရင်းဆိပ်ကျေးရွာ ဒုံသမိချောင်းတံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းနှစ်ခုအား ယမန်နေ့ ဇွန်လ(၁)ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တပြိုင်တည်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ဘက်နှင့်ရဲဘက်ဆိုင်ရာ အရာရှိများအပါအဝင် စုစုပေါင်း(၃၂)ဦးသေဆုံးပြီး လက် နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ သတင်းအရင်းအမြစ်မှ သိရသည်။

ယမန်နေ့နံနက်ပိုင်းက ဒုံသမိချောင်းတံတားထိပ်(သထုံဘက်ခြမ်း)ရှိ စစ်ဆေးရေးဂိတ်သို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်မ(၂၂)မှ ဗိုလ်ကြီး မိုးမင်း၊ ဒုရဲမှူး သီဟဇော်၊ တပ်ကြပ် စိုးညွှန့်ဝင်း၊ တပ်ကြပ်ကျော်ရဲအောင်၊ တပ်ကြပ် ချစ်ဦးသူ၊ တပ်ကြပ်အောင်ရဲနိုင်နှင့် တပ်ကြပ် ခွန်ဥက္ကာစိုးတို့(၇)ဦး သေဆုံးခဲ့သလို ဖားအံ ဘက်ခြမ်းရှိစစ်ဆေးရေးဂိတ်သို့ ပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းမှုတွင် စစ်ကောင်စီဘက်မှသေဆုံးသူ(၂၅)ဦးရှိပြီး ဂိတ်စခန်းနှစ်ခု စုစုပေါင်း (၃၂)ဦးသေဆုံးခဲ့သည်ဟု ကေအဲန်ယူ၏ သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က အတည်ပြုပြောသည်။

ထို့အပြင် G3 နှစ်လက်၊ MA တစ်လက်၊ AKP စက်ကလေး တစ်လက်၊ ၉ မမ အူစီကာ တစ်လက် နှင့်အတူ ကျည်တောင့် ၅၂၀ တောင့်အပြင် ဖုန်းနှစ်လုံးလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ တိုက်ပွဲ အတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင်(၂)ဦးကျဆုံး၍ (၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်မှူးစောကျော်မြင့်က ပြောသည်။

၎င်းက “စစ်ဆေးရေးဂိတ်စခန်းနှစ်ခုလုံးကို KNLA ပူးပေါင်းတပ်ဖွဲ့က တပြိုင်တည်းဝင်တိုက်တာပါ။ ဖားအံ ဘက်ခြမ်းကဂိတ်ကိုဝင်တိုက်တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား(၂၇)ယောက်မှာ တစ် ယောက်က ပေါင်ကျိုးသွားတယ်။ တစ်ယောက်လွတ်တယ်၊ ကျန်တဲ့(၂၅)ယောက်လုံး သေပါတယ်။ ကျနော်တို့ရဲဘော် နှစ်ယောက်လည်းကျသွားတယ်။ တစ်ယောက်က ဒဏ်ရာရတယ် ၊ မစိုးရိမ်ရဘူး။” ဟု ယနေ့ ကေအိုင်စီသို့ပြောသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားစဥ် သထုံခရိုင်အခြေစိုက် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီး များပစ်ကူ ပေးခဲ့ရာ ဒူးရင်းဆိပ်ကျေးရွာနှင့်အနီးအနားရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒူးရင်း ဆိပ်ကျေး ရွာနေ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သလို အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုလည်းရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားစဥ် ခရီးသွားပြည်သူ(၃)ဦး ကျည်ထိမှန်သေဆုံးခဲ့သလို လက်နက်ကြီး ကျရောက်မှုကြောင့် ဒူးရင်းဆိပ်ကျေးရွာဆေးပေးခန်း ပျက်စီးခဲ့ကြောင်းလည်း ဒေသတွင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။

အလားတူ မေလ(၃၁)ရက်နေ့ကလည်း ကျိုက်ထိုမြို့နှင့်ဘီးလင်းမြို့အစပ်ရှိ စစ်ကောင်စီ၏ သံတံ တားစစ်ဆေးရေးဂိတ်စခန်းသို့ KNLAနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦးသေဆုံးပြီး (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။