ဇွန် ၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
အိမ်ရှင်များ၏ ဖိနှိပ်ခြိမ်းခြောက်မှုများကို ကြုံတွေ့နေရပြီး ဒုက္ခရောက်နေသူ တချို့ရှိ ကြောင်း အိုမန်နိုင်ငံတွင် အိမ်အကူ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအမျိုးသမီးငယ်များထံမှ သိရသည်။
ဒေသတွင်း အလုပ်သမားပွဲစားများ၏ ချိတ်ဆက်မှုဖြင့် အိုမန်နိုင်ငံသို့ ရောက်ရှိ လာကြပြီး နောက် အေးဂျင့်ရုံးတွင် အလုပ်အကိုင် ရှာဖွေပေးပြီး အိုမန်နိုင်ငံသားများ၏ နေအိမ်များ တွင် အိမ်အကူ ဝင်ရောက်လုပ်ကိုင်ကြရကာ အိမ်ရှင်များ၏ အနိုင်ကျင့် စော်ကားမှုများအပြင် အစာရေစာ မဝလင်မှုများနှင့် အလုပ်အကိုင် မရရှိကြသူများ လည်းရှိနေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ အိုမန်ရောက် မြန်မာအမျိုးသမီးငယ်တစ်ဦးက ယခုလို ပြောသည်။
“အေးဂျင့်ရုံးရောက်တာနဲ့ဖုန်းအကုန်သိမ်းတာ။ ဖုန်းလည်းပေးမကိုင်တော့ မိဘတွေနဲ့ အဆက်သွယ်မရဘူး။ ငိုရတာနေ့တိုင်းညတိုင်းပဲ။ အေးဂျင့်ရုံးမှာ ရောက်တော့ ထမင်း လည်း မဝဘူး။ လူဆယ်ယောက်ကျော်ကို နို့ဆီဗူး ၂ လုံးပဲ ချက်ကျွေးတယ်။ မဝတဲ့အပြင် တစ်ရက်တစ်နှပ်ပဲစားရတယ်။ အိမ်ရှင်တွေဆီရောက်တော့လည်း ထမင်းဝတဲ့ သူရှိသလို မဝတဲ့သူလည်းရှိတယ်။ တချို့သူငယ်ချင်းတွေက တစ်ရက်ကို တစ်နှပ်ပဲစားရတယ်။ အလုပ်ထဲမှာလည်း ဘယ်လိုပဲကောင်းအောင် လုပ်ပေးပေး နေ့တိုင်းအဆူခံရတယ်။ အရိုက်ခံရတာ လည်းရှိတယ်။” ဟု ယမန်နေ့က ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လက်ရှိတွင် အလုပ်အကိုင် ရှာဖွေချိတ်ဆက်ပေးသည့် အေးဂျင့်ရုံးဟု ခေါ်သည့် နေရာများတွင်လည်း လနှင့်ချီ၍ အလုပ်မရကြသူတချို့ ရှိနေကြသေးပြီး အလုပ်ရရှိသူ တချို့မှာလည်း အိမ်ရှင်ကောင်းနှင့်တွေ့လျှင် အဆင်ပြေကြသူတချို့ရှိသော်လည်း တချို့ မှာ အရိုက်အနှက်ခံရသည့်အပြင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် အရောင်းစား ခံရ မည်ဟုဆိုကာ ခြိမ်းခြောက်ပြောဆိုခံရမှုများကို ကြုံတွေ့ရသူများလည်းရှိကြောင်း အဆိုပါ အမျိုးသမီးငယ်က ဆက်ပြောသည်။
၎င်းက “အတူလာတဲ့ သူငယ်ချင်း နှစ်ယောက်ဆိုရင် နှစ်လရှိပြီး အလုပ်မရသေးတော့ သောက်ရေလည်း မဝယ်သောက် နိုင်ဘူး။ ဘေစင်ရေသောက်တာ ဂတ်စ်ငွေ့ တွေပါတော့ ဗိုက်အောင့်တာ။ ဘယ်သူ့မှဂရုမစိုက်ဘူးတဲ့။ ဆေးလည်း မကုပေးဘူး။ ဆေးလည်း မတိုက်ကြဘူး။ အခုက အလုပ်ရပြီး။ ဒါပေမဲ့ သူအလုပ်ရတဲ့အချိန်မှာ လူက မျော့မျော့ လေးပဲ ကျန်တော့တယ်။” ဟု ဖြည့်စွက်ပြောသည်။
အဆိုပါ အမျိုးသမီးငယ်များသည် တစ်ရွာထဲနေသူများ၏ ကူညီချိတ်ဆက်မှုမှတဆင့် ရန်ကုန်ရှိ အလုပ်သမားပွဲစားများမှ အိုမန်နိုင်ငံသို့ ပို့ဆောင်ပေးခြင်းဖြစ်ပြီး အလုပ်သမားဗီဇာနှင့် သွားရောက်ကြခြင်းမဟုတ်ဘဲ အလည်ဗီဇာဖြင့် သွားရောက်ကြခြင်းဖြစ်သည်ဟု သိရသည်။
ထို့နောက် အိုမန်နိုင်ငံရောက်ကာမှ အိုမန်ရောက် မြန်မာအလုပ်သမားပွဲစားများက အလုပ်လုပ်ကိုင် ခွင့်ရရန် ပြန်လည် လုပ်ဆောင်ပေးပြီး ၎င်းအတွက် ကျပ်ငွေ သိန်း ၂၀ ဝန်းကျင်ပုံအောပေးရသော်လည်း ဒုက္ခရောက်လျှင် ကူညီပေးခြင်းမရှိကြောင်း အိုမန်ရောက် အလုပ်သမားတချို့က ဆိုသည်။
၎င်းအပြင် လတ်တလောတွင် အိမ်ရှင်များ၏ ဖိနှိပ်ခြိမ်းခြောက် အနိုင်ကျင့်မှုများရှိသလို အလုပ်အကိုင် အဆင်မပြေကြမှုများရှိနေသော်လည်းဘဲ ၎င်းကိစ္စရပ်များအတွက် တာဝန် ယူ ကူညီဖြေရှင်းပေးမည့်သူများနှင့် အဖွဲ့အစည်းများ မရှိသောကြောင့် အလုပ်ရှင်များ၏ အနိုင်ကျင့်စော်ကားမှုများကို ကြိတ်ခံနေကြရသူများရှိသည်ဟု အိုမန်ရောက် အိမ်ကူအလုပ်သမများက ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီးငယ်များအနေဖြင့် အိုမန် နိုင်ငံသို့ လာရောက် အလုပ် လုပ်ကိုင်ခြင်းမပြုစေကြောင်း နောက်ထပ်အိမ်အကူ အလုပ်သမမြန်မာအမျိုးသမီး ငယ်တစ်ဦးကလည်း ယခုလို ပြောသည်။
“ကျမတို့ ဒီကိုရောက်နေတဲ့ သူငယ်ချင်းတွေ တိုင်ပင်ကြတယ်။ ဒီကို တခြားလူ တွေမလာကြဖို့ ဝိုင်းတားကြမယ်ပေါ့။ ဖြစ်နိုင်ရင် ဒီကို ဘယ်သူမှ မလာစေချင်ဘူး။ တကယ်ဒုက္ခရောက်တာ။ ဒါပေမဲ့ ကျမတို့ကို ဘယ်သူမှလည်း မယုံကြဘူး။ ကျမတို့ ဒုက္ခရောက်နေတာကို လိမ်နေကြတယ်လို့ပဲ ထင်နေကြတာ။ အဲ့တော့ မတတ်နိုင်ဘူး။ ဒီကိုရောက်မှပဲ သူတို့ သိကြမှာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ပြီးခဲ့သည့် မေလကလည်း အိုမန်နိုင်ငံရောက် မြန်မာအမျိုးသမီးငယ် ၃ ဦးမှာ ဘာသာပြန်၏ ပြောဆိုမှုအရ ၎င်းတို့ကို မြန်မာပြည်မှအလုပ်သမား ပွဲစားများက ရောင်း စားထားကြကြောင်းဆိုကာ အဆိုပါ အလုပ်သမားပွဲစားများဆီတွင် ငွေကြေးများ ပြန် လည် မရယူပေးနိုင်ပါက ပါကစ္စတန်သို့ ထပ်မံ အရောင်းစားခံ ရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခံရသေးသည်။
၎င်း မြန်မာအမျိုးသမီး ၃ ဦးအနက် တစ်ဦးမှာ မိသားစုဝင်များနှင့် အသိမိတ်ဆွေများ ၏ ကူညီပေးမှုဖြင့် ပြန်လည်လွတ်မြောက်သွားပြီးဖြစ်သော်လည်း ကျန်နှစ်ဦးမှ ယခုအချိန်ထိ ထိန်းသိမ်းခံထား ရဆဲဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသူ အမျိုးသမီးငယ်က ပြောသည်။
“ကျန်တဲ့ နှစ်ယောက်ကတော့အခုချိန်ထိ မလွတ်လာသေးဘူး။ အခုထိ အဲ့မှာရှိတုန်းပဲ။ အခု အရောင်းစားခံထား ရတဲ့ သူဌေး အိမ်က ပြောတာက သူတို့ အေးဂျင့်ကို ပြန်ရှာဖမ်း ပေးလို့ မမိရင်တော့ တခြားနိုင်ငံကို ထပ်ရောင်းစားမယ်လို့ လောလောဆယ်တော့ သိရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် လများတွင်လည်း အိုမန် နိုင်ငံတွင် လူကုန်ကူးခံထားရသည့် မြန်မာ အမျိုးသမီး တစ်ဦးကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သတင်း များ ထွက်ပေါ် ခဲ့သေးပြီး လက်ရှိ အိုမန် နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာအမျိုးသမီးငယ်များစွာရှိနေကာ လူကုန်ကူးခံရမှုနှင့် အနိုင်ကျင့် စော်ကားခံရမှုများရှိနေကြောင်းလည်း အိုမန်ရောက် မြန်မာနိုင်ငံသားများထံမှ သိရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်ပြည်အတွင်း စီးပွားရေး လုပ်ငန်းများနှင့် ငွေကြေး စနစ်များပြိုလဲနေသလို အလုပ်အကိုင် ရှားပါးမှုနှင့် ကုန်စျေး နှုန်းများ မြင့်တက်လာမှုတို့ကြောင့် နိုင်ငံရပ်ခြား ဒေသများကို ထွက်ခွာ အလုပ်လုပ် ကိုင်ကြသူများမှာ ယခုနှစ်များအတွင်းသိသိသာသာ များပြားလာသလို အကျိုးဆက် အနေဖြင့် လူကုန်ကူးခံရသည့် ဖြစ်စဉ်များလည်း မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိနေသည်။